တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် ပြည်သူတွေအနေနဲ့လိုက်နာကြဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မြို့အတွင်း လိုက်လံကြေညာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ထားဝယ်မြို့ခံတဦးက "လိုက်ကြေညာတာကတော့ မနေ့ကရော ဒီနေ့ပါ လိုက်ကြေညာနေတာ၊ ကောလာဟာလသတင်းတွေ မယုံကြဖို့ပါ ထည့်ကြေညာနေတယ်၊ ၄ နာရီနောက်ပိုင်းမှ ထွက်ရမယ်ဆို စျေးသည်တွေအခက်တွေ့ကြမှာ၊ သူတို့က မနက် ၂ နာရီလောက်ကတည်းက ထွက်မှ အဆင်ပြေကြတာ" လို့ ပြောပါတယ်။
ထားဝယ်မြို့မှာ အရင်က ည ၉ နာရီနောက်ပိုင်း လမ်းသွားလမ်းလာတွေ မရှိကြတော့ပေမဲ့ စျေးသည်တွေကတော့ မနက် ၂ နာရီလောက်ကတည်းက သွားလာနေကြတာတွေရှိတယ်လို့ သိရပါတယ်။
ထားဝယ်မြို့မှာ အရင်ကတည်းက ညမထွက်ရအမိန့် ထုတ်ပြန်ထားတာရှိပေမဲ့ အချိန်သတ်မှတ်ချက်ကိုတော့ အတိအကျမသိရဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၆ ရက်၊ မနက် ၃ နာရီခွဲလောက်ကလည်း ညမထွက်ရအမိန့် ဖောက်ဖျက်တယ်လို့ဆိုကာ ထားဝယ်မြို့ ကမ်းနားစျေး စျေးသည်အများစု အပါအဝင် ပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားခဲ့ပြီး နှစ်ရက်လောက်အကြာမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။