ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်တွင်း အပူဒဏ်ကို ခံစားနေရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားတဲ့ နေပြည်တော်ထောင်ရှိ သီးသန့် အဆောက်အဦဟာ ခန့်မှန်း ပေ ၁,၂၂၀ ခန့်ကျယ်ပြီး ပြတင်းပေါက်တွေကို မှန်တွေကာထားပေမဲ့ အပူဒဏ်ကို ခံနေရတာကြောင့် နေထိုင်ရတာ သိပ်အဆင်မပြေဘူးလို့ ထောင်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိပ်တဲ့နေရာနားက မှန်တွေကိုတော့ ခန်းဆီးစတွေ ကာပေးထားတယ်လို့ ပြောပါတယ်။

အချုပ်ထောင်နဲ့ နီးစပ်သူတဦးက “ပြီးခဲ့တဲ့ရက်ပိုင်းက ရေချိုးခန်း ဒါမှမဟုတ် Toilet ကအထွက်မှာ ရေကြောင့်ထင်တယ် စလစ်ဖြစ်ပြီး လဲမလိုဖြစ်ခဲ့တယ်။ ခန္ဓာကိုယ်ကို ပြန်ထိန်းလိုက်နိုင်တော့ လဲကျမသွားပါဘူး။ ဒါပေမဲ့ ဘေးက ထောင်ဝန်ထမ်းအမျိုးသမီးတွေက အော်လိုက်တဲ့အတွက် တဖက်က တခြားအကျဉ်းသားတွေဆီက ကျန်းမာရေးကြောင့် လဲကျသွားသလို စကားတွေ ထွက်လာတဲ့ အနေအထားမျိုးပါ။ အဲလိုဖြစ်တယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် ဆရာဝန်နဲ့ပြရတာ ရှိမရှိတော့ အဆိုပါ ထောင်နဲ့နီးစပ်သူတွေလည်း မသိရသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားမှန်း မသိရာကနေ ဇွန် ၂၂ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို နေပြည်တော် အချုပ်ထောင်ဝန်းထဲက သီးခြားအဆောက်အဦတခုမှာ ပြောင်းရွှေ့ထားလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်ဝင်းအတွင်းရှိ သီးသန့်အဆောက်အဦတခုဆီ ပြောင်းရွှေ့လိုက်ပြီးနောက် အမှုတွေကိုလည်း ဇွန် ၂၃ ရက်ကစပြီး အချုပ်ထောင်ရှိ အထူးတရားရုံးမှာပဲ ရုံးထုတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။

အခုလို ထောင်ထဲကို ပြောင်းရွှေ့လိုက်တာဟာ သက်ဆိုင်ရာ တရားရုံးတွေက တရားစီရင်ပြီးဖြစ်လို့ ပြစ်မှုဆိုင်ရာဥပဒေတွေအရ ပြောင်းရွှေ့လိုက်တာဖြစ်ပြီး ထောင်မှာ သီးခြားကောင်းမွန်စွာ ထားရှိတယ်လို့ ဇွန် ၂၃ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

//
More News
Up