စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းရှိ အရာတော်-ရွှေဘိုလမ်းပိုင်း မြေနက်လမ်းဆုံက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဩဂုတ် ၂ ရက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ပါတယ်။
ဗုံးချတိုက်ခိုက်ရာမှာ စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးအနက် ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့ အရာတော် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
အရာတော်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အဲ့ဒီလမ်းဆုံက ယာဉ်ရပ်နားရာ စခန်းလည်း ဖြစ်တယ်။ စစ်ကောင်စီတပ်အနေနဲ့ ငွေတောင်းစားကောင်းတဲ့ နေရာတခုဆိုလည်း မမှားဘူး။ ဖြတ်သမျှယာဉ်ကို မထင်ရင် မထင်သလို ရစ်ပြီး ငွေညှစ်တယ်။ တချို့ကားတွေဆိုရင် အဲ့ဒီဂိတ်ကကောင်တွေ မူးပြီး ရန်စကားပြောတတ်လို့ သိပ်မဖြတ်ရဲကြဘူး” လို့ ပြောပါတယ်။
မြေနက်လမ်းဆုံဟာ မုံရွာ-ရွှေဘို-မန္တလေး စတဲ့ အဝေးပြေးခရီးသည်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေ ရပ်နားရာစခန်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ကလည်း စစ်ဆေးရေးဂိတ် ပြုလုပ်ထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မီးနဂါးပြောက်ကျားတပ်ဖွဲ့၊ အရာတော်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ဗိုလ်ယက္ခတပ်ဖွဲ့၊ ဗိုလ်ကျောက်ဆူးတပ်ဖွဲ့နဲ့ ဗိုလ်တင်မောင်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုရက်ပိုင်းအတွင်း အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးရေးတွေ တင်းကျပ်နေပြီး အရပ်ဝတ်တွေနဲ့ ကင်းပတ်သွားလာတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။