Home
မြန်မာသတင်း
မြဝတီမြို့တောင်ဘက် သရက်ပင်စခန်းအနီးကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲ
DVB
·
August 2, 2022

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် ၁၀ မိုင်ကျော်လောက်အကွာ ဝေါ်လေမြိုင်မြို့နယ်ခွဲ သရက်ပင်စခန်းအနီးကို ဒီနေ့ညနေ ၃ နာရီခွဲလောက်မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့က ပြောပါတယ်။
သြဂုတ် ၂ ရက်နေ့ ညနေ ၃ နာရီခွဲလောက် တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲချခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုတစုံတရာမရှိဘူးလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်မှာ ကျရှုံးသွားတဲ့ စစ်ကောင်စီစခန်းတွေ ပြန်လည်တည်ဆောက်အခြေချနိုင်ဖို့အတွက် ဝေါ်လေမြိုင်မြို့နယ်ခွဲ လမ်းမကြီးအတိုင်း စစ်ကောင်စီက စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
ကျူးကျော်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်တွေက အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ပူးပေါင်းတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဖလူးရွာဘက်တိုက်ပွဲ၊ ဥကရစ်ထတိုက်ပွဲနဲ့ ဇူလိုင် ၃၁ ရက်နေ့ သရက်ပင်စခန်းအနီးတိုက်ပွဲမှာလည်း စစ်ကောင်စီ တပ်ဖွဲ့တပ်ဖွဲ့ဝင် အရာရှိအပါအဝင် ၃၀ ထက်မနည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေမြိုင်မြို့နယ်ခွဲရှိ မြဝတီ-ဝေါ်လေကားလမ်းမှာ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး မကြာခဏ လမ်းပိတ်ထားတာကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေး အခက်အခဲ ကြုံနေကြရပါတယ်။
ကေအန်ယူစီမံအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာ ၃ ရွာကိုလည်း ဇူလိုင် ၂၉ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၄ ဦး ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
ကျောက်ကြီးမြို့နယ်အတွင်းက သောတူဒေး၊ ကွီးဒိုကယ်ခို၊ ခလယ်ကွီးကယ်ခိုကျေးရွာ ၃ ရွာကို စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၄ ဦး အသက်အန္တရာယ်မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024