နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိအမှုတွေထဲက ရဟတ်ယာဉ်သက်တမ်းတိုးတဲ့အမှုကို ဩဂုတ် ၂ ရက်က နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
တရားရုံးနဲ့ နီးစပ်သူတယောက်က “၄၀/၈ ရဟတ်ယာဉ်သက်တမ်းတိုးတဲ့ကိစ္စ စစ်တယ်။ လိုပြသက်သေ ဒုဝန်ကြီးဟောင်း ဦးစိုးအောင်ကို စစ်တယ်။ မောင်ဝိတ်အမှု ၃ နဲ့ ၄ အတွက်မှာ လိုပြသက်သေ ၃ ယောက်ကို စစ်တယ်။ နောက်ရုံးချိန်းက လာမယ့် ၉ ရက်နေ့ အင်္ဂါနေ့” လို့ ပြောပါတယ်။
ပြည်သူတွေ သဘာဝဘေးအန္တရာယ် ကြုံတဲ့အခါမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံခေါင်းဆောင်တွေကို အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ‘
ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိအမှုတွေကို ဇူလိုင် ၂၆ ရက်ကလည်း စစ်ဆေးခဲ့ပြီး အဲ့ဒီရုံးချိန်းမှာ ရဟတ်ယာဉ်အမှု ၄၀/၇ အတွက် တရားလိုပြသက်သေ ဒုဝန်ကြီးဟောင်း ဦးစိုးအောင်ကို စစ်ဆေးခဲ့ပါသေးတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးမောင်ဝိတ်က အလှူငွေပေးအပ်ခဲ့တဲ့ အဂတိအမှု ၂ မှုအတွက်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ကြောင်း ဇူလိုင် ၂၅ ရက် ရုံးချိန်းမှာ တရားရုံးက အမိန့်ချထားပါတယ်။
ဇူလိုင် ၂၆ ရက် ရုံးချိန်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်အမှုတွေရဲ့ တရားလို ဦးရဲထက်ကို တရားရုံးက ပြန်ခေါ်သက်သေအဖြစ် ဆက်လက်စစ်ဆေးခဲ့ပြီး စစ်ဆေးဖို့ကျန်နေတဲ့ လိုပြသက်သေတွေထဲက ၃ ယောက်ကို ဩဂုတ် ၂ ရက်နေ့ ရုံးချိန်းမှာ ဆက်လက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့ အမှုပေါင်း ၂၀ ထက်မနည်း ရှိခဲ့ပြီး အဲ့ဒီအထဲက ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပါတယ်။ ကျန်တဲ့အမှုတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေ ပေါင်းလိုက်ရင် အသက် ၇၇ နှစ်အရွယ် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နောက်ထပ် ထောင်ဒဏ် အနှစ် ၁၈၀ ကျော်အထိ ချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။