အာဆီယံဘုံသဘောတူညီချက်တွေ အလုပ်ဖြစ်လာနိုင်တယ်လို့ ဟန်ဆောင်မနေကြနဲ့တော့

ကျနော်က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ရာထူးအပါအဝင် နိုင်ငံခြားရေးရာဌာနနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုပြောတာကတော့ ကျနော့်ရဲ့ သာမန်နိုင်ငံသားတယောက်အနေနဲ့ ပုဂ္ဂိုလ်ရေးအမြင်သာ ဖြစ်ပါတယ်။​

အခုကြားနာပွဲဟာ နိုင်ငံတကာတုံ့ပြန်မှု (လုံလောက်မှုမရှိတဲ့ နိုင်ငံတကာတုံ့ပြန်မှုလို့လည်း ခေါ်ကြတဲ့)ကိုပဲ အထူးပြုဆွေးနွေးပါမယ်။ အဓိကမီးမောင်းထိုးပြချင်တာက ပြီးခဲ့တဲ့ ၁၈ လလောက်အတွင်းမှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် မယုံနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်ခဲ့ကြတာတွေနဲ့ပတ်သက်လို့ တာဝန်ရှိမှုအကြောင်းပဲ ဖြစ်ပါတယ်။  

မြန်မာနိုင်ငံ အခြေအနေကို နိုင်ငံတကာတုံ့ပြန်မှုနဲ့ပတ်သက်လို့ အဓိကပြဿနာ သို့မဟုတ် အချက် ၂ ချက်ကို ထောက်ပြချင်ပါတယ်။ လုံလောက်တဲ့ နိုင်ငံတကာ အာရုံစူးစိုက်မှုမရရှိခဲ့တာကတော့ သြဇာလွှမ်းမိုးနိုင်ခြေရှိတဲ့ ဒေသတွင်းနိုင်ငံတချို့က  သူတို့အကျိုးစီးပွားအတွက်ပဲ အားထုတ်နေဖို့ စစ်အစိုးရကို ထောက်ခံဖို့ပဲ ရွေးချယ်ခဲ့ကြတာရယ်၊ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒမဲနဲ့ တောင်းဆိုမှုတွေ မေတ္တာရပ်ခံမှုတွေကို လျစ်လျူရှုခဲ့တာပါ။ အထူးသဖြင့် ရုရှား၊ တရုတ်နဲ့ အိန္ဒိယရယ်၊ အာဆီယံနိုင်ငံတချို့လည်း ရှိပါတယ်။ အာဆီယံနိုင်ငံတွေအကြောင်း နောက်မှ ဆက်ပြောပါမယ်။ 

အဲဒီနိုင်ငံတွေဟာ စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုခဲ့တာသာမက တချို့ဆိုရင် လက်နက် ထောက်ပံ့တာတွေအပြင် သေချာတာက သံတမန်ရေးရာ ထောက်ခံအားပေးခဲ့တာတွေရှိပါတယ်။ မျှော်လင့်ချက်ထားခဲ့ကြတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေအပေါ် ဝေဖန်မှုတွေရှိခဲ့သလိုပဲ မြန်မာပြည်သူတွေကို ထောက်ခံအားပေးဖို့ ပျက်ကွက်ရုံသာမက ပြည်သူလူထုကို စစ်တိုက်နေတဲ့ စစ်အစိုးရကို ထောက်ခံအားပေးနေတဲ့ အဲဒီနိုင်ငံတွေဟာ အပြင်းထန်ဆုံး ဝေဖန်ခံရထိုက်ပါတယ်။  

မြန်မာပြည်သူလူထုကို ကိုယ်ချင်းစာနာပြီး စစ်အစိုးရကို ဆန့်ကျင်တဲ့ မထောက်ခံတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းလည်း ရှိပါတယ်။ အဲဒီမှာပြဿနာက စိတ်စေတနာကောင်းတွေ ရှိနေပေမယ့် ပြည်တွင်းရေး အကျပ်အတည်းတခုခု ဖြစ်ရင် ထုတ်သုံးနေကျအတိုင်း အကြမ်းဖက်မှုတွေ ရပ်ကြဖို့နဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြဖို့ တောင်းဆိုတာတွေ စတဲ့သမားရိုးကျ သံတမန်နည်းထုံးစံအပေါ်မှာပဲ အားပြုလွန်းနေတဲ့ဘက်ကို ယိမ်းနေကြတာ ဖြစ်ပါတယ်။  

သံတမန်တယောက်အနေနဲ့ ကျနော်လည်း အဲဒီလိုနည်းနာတွေ သုံးလေ့ရှိပါတယ်။​ ဒါပေမဲ့ မြန်မာနိုင်ငံပြဿနာမှာကျတော့ ဒါဟာ အသေအချာ ပိုင်းခြားစိတ်ဖြာမှုကို အခြေခံထားတာ မဟုတ်ပါဘူး။​ အထူးသဖြင့် အာဆီယံရဲ့ ကြားဝင်ကြိုးပမ်းမှုကိုကြည့်ရင် ကြိုးစားအားထုတ်မှုကိုတော့ ကျနော် အသိအမှတ်ပြုပါတယ်။​ ဒါပေမဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်က အခြေခံအားဖြင့် အသေမွေးသလို စလာကတည်းက ကျဆုံးတာ ၂ ချက် ရှိပါတယ်။ နံပါတ် ၁ က စစ်ကောင်စီဟာ ၂၀၂၁ ဧပြီလ ထိပ်သီးအစည်းအဝေးမှာ သူ သဘောတူခဲ့ပြီးရက်ပိုင်းအတွင်း ကတိပျက်ကွက်တာပါ။ နောက်တချက်က ဘုံသဘောတူညီချက် ၅ ချက်ဟာ မြန်မာနိုင်ငံမှာ တကယ်ဖြစ်ပျက်နေတာတွေနဲ့ ကွက်တိမဖြစ်ပါဘူး။​   

မြန်မာစစ်ခေါင်းဆောင်တွေက သူ့နိုင်ငံနဲ့ သူ့ပြည်သူကို အလေးထားတဲ့ ဆွေးနွေးထိုက်သူလို့ ယူဆခဲ့ကြတယ်။ အနည်းဆုံးတော့ မြန်မာပြည်တွင်းမှာ နိုင်ငံရေးအရ အသိအမှတ်ပြုရမယ့် အင်အားစု ၂ ခုရှိတယ်။ နှစ်ဘက် ဆွေးနွေးညှိနှိုင်းနိုင်မယ့် အခွင့်အလမ်းရှိတယ်လို့ ညွှန်းပြနေပါတယ်။ တတိယအချက် ကျနော် အကြွင်းမဲ့ စောဒကတက်ချင်တာကတော့ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးဟာ စစ်ကောင်စီကို မချေမှုန်းနိုင်ဘူး၊ စစ်တပ်ရဲ့ နိုင်ငံရေးအာဏာအတွက် နေရာတခုတော့ ရှိရမယ်ဆိုတဲ့ ယူဆချက်တွေ ရှိခဲ့ပါတယ်။ ကျနော့်အထင် အဲဒီအယူအဆတွေ အားလုံး မှားနေပါတယ်။ 

သေချာတာက စစ်ကောင်စီဟာ ဦးဆောင်မှုနေရာမှာ အပြည့်မရှိနေပါဘူး။ နိုင်ငံအကျိုးကို ဂရုစိုက်တဲ့ သင့်မြတ်တဲ့လူစားတွေ မဟုတ်ဘူး။ သူတို့ဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်မှာ မယုံနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်ပြခဲ့ကြပါပြီ။​ 

နောက်တချက်က စစ်တပ်မှာ စစ်ခေါင်းဆောင်နဲ့ ဆက်စပ်တဲ့ အရပ်သားအနည်းစုကလွဲရင် နိုင်ငံရေးအရ ထောက်ခံမှုအင်အားမရှိပါဘူး။​ ဒါကြောင့် နိုင်ငံရေး တရားဝင်မှုအရဆိုရင် တန်းတူအဆင့် နှစ်ဘက်သဘောမျိုး မဟုတ်ကြပါဘူး။​ 

တတိယအချက်က စစ်တပ်က အာဏာဆက်ကိုင်ခွင့်ပြု၊ မပြုကို ဘယ်လိုအချက်တွေနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ကြရမလဲဆိုတာ ကျနော်တော့ စိတ်ကူးကြည့်လို့တောင် မရပါဘူး။​ 

သီအိုရီတွေအရတော့ အရမ်းကောင်းပါတယ်ပေါ့လေ။ ဒါပေမဲ့ လက်တွေ့အခြေအနေအရ မဖြစ်နိုင်ပါဘူး။​ ကျနော် ကြည့်ရ အဆင်မပြေတာကတော့ အာဆီယံ ဘုံသဘောတူညီချက်တွေ အလုပ်မဖြစ်တာကြာပြီဆိုတာ ရှင်းလင်းနေတာတောင် အာဆီယံက ဒါကိုပဲ ပြောပြောနေတယ်။  အမေရိကန် အပါအဝင် တခြားနိုင်ငံတွေကလည်း အဲဒီဘုံသဘောတူညီချက် ၅ ချက်ကိုပဲ ထောက်ခံအားပေးသင့်တယ်လို့ ပြောပြောနေကြတယ်။​  

အခုပြဿနာမှာ ၂ လွှာခွဲလို့ ရပါတယ်။ တခုက မအောင်မြင်နိုင်တဲ့နည်းလမ်းကိုပဲ တွန်းယူနေတာက တကယ်တော့ အန္တရာယ်ရှိပါတယ်။ အလုပ်ဖြစ်တဲ့ နိုင်ငံရေးဖြစ်စဉ်တွေ လုပ်ဆောင်နေကြပါတယ်လို့ ထင်ယောင်ထင်မှားတွေ ဖြစ်စေတာကြောင့်ပါပဲ။ ဘာအဓိပ္ပာယ်ဆောင်မလဲဆိုတော့ အစိုးရတွေဟာ ဒီဘုံသဘောတူညီချက်ဖြစ်စဉ်ကို ထောက်ခံပြီး ခပ်တင်းတင်း ဖောက်ထွက်စဉ်းစားဖို့ မရှိတော့ဘူး။​ နိုင်ငံရေးဖြစ်စဉ်တွေ ဆက်သွားနေတယ်လို့ပဲ ပြောနေကြမယ်။​ သေချာပိုင်းခြားစိတ်ဖြာမှု ကိုအခြေခံတဲ့ စိတ်ကူးသစ် ချဉ်းကပ်မှုအသစ်တွေနဲ့ အားထည့်ရမယ့်သူတွေက စိတ်ရှိလက်ရှိ အားမထုတ်ကြတော့ဘူး။ ​ 

နောက်တချက် ဒီလိုချဉ်းကပ်ပုံက အန္တရာယ်ရှိတယ်ဆိုတာ အကြောင်း ၂ ခုရှိပါတယ်။​ တခုက အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းမှုကို ကျနော် အသိအမှတ်ပြုပေမယ့် သူ တခေါက်သွားတိုင်းမှာ စစ်ကောင်စီကို တွေ့ဆုံခြင်းအားဖြင့် တရားဝင်အသိအမှတ်ပြုသလို ဖြစ်စေပါတယ်။​ ဒုတိယတခုက လူသားချင်းစာနာမှုအကူအညီနဲ့ပတ်သက်လို့ အာဆီယံနဲ့ ကုလသမဂ္ဂ UN OCHA တွေက အကူအညီတွေကို စစ်ကောင်စီကနေတဆင့် ပေးအပ်မယ်လို့ သဘောတူခဲ့ကြတာက မယုံနိုင်လောက်စရာပါ။​ တောတ်တော်ဆိုးရွားတဲ့ စိတ်ကူးပါ။ 

ဒီစစ်ဗိုလ်ချုပ်တွေအကြောင်း သိတဲ့သူတိုင်းက ဒီအကူအညီတွေဟာ လိုအပ်နေတဲ့ ပြည်သူတွေလက်ထဲ ရောက်မှာမဟုတ်ဘူးဆိုတာ သိကြပါတယ်။​ လုံးဝမဖြစ်နိုင်ပါဘူး။ ကပ်ဒုက္ခ အခြေအနေအတွက် လူသားချင်းစာနာမှုအကူအညီ ကိစ္စကို လက်ခံရခက်ပါတယ်။ 

ခင်ဗျား နည်းပေါင်းစုံနဲ့ ကြိုးစားကြည့်မယ်။ တခါတလေ စိတ်မချရတဲ့သူနဲ့ လုပ်ရင်လုပ်ရမယ်။ ဒါပေမဲ့ လူသားချင်းစာနာမှု အကူအညီတွေကို စစ်ဗိုလ်ချုပ်တွေကတဆင့်ပေးဖို့ ဆိုတာကတော့ ဘယ်သူမှ မလုပ်သင့်တဲ့ကိစ္စပါ။ 

ထပ်ပြောချင်တာက ဒီဘုံသဘောတူညီချက်တွေကို လက်ခံထားကြတဲ့ အာဆီယံအဖွဲ့နဲ့ တခြားနိုင်ငံတွေဟာ ဟေ့လူတွေ ဒီနည်းက အလုပ်ဖြစ်တော့ဘူးလို့ ပြောရမယ့်အချိန် ရောက်နေပြီ။ ကျနော်တို့ ကြိုးစားကြတာပဲ၊ အလုပ်ဖြစ်မလာဘူးဆိုပြီး စစ်ကောင်စီကိုပဲ လွှဲချချင်လွှဲချပေါ့ ရပါတယ်။ ဒါပေမဲ့ အလုပ်ဖြစ်ချင်ဖြစ်လာနိုင်တယ်လို့ ဟန်ဆောင်မနေပါနဲ့တော့။​ ဘေးဖယ်ထားလိုက်ပါတော့။​

ဘယ်လိုနည်းတွေနဲ့ အခြေအနေကို သြဇာသက်ရောက်နိုင်မလဲ၊ လေးလေးနက်နက် အတူတူစဉ်းစားကြည့်ရအောင်​။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လုပ်သင့်တာတွေရှိပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ များများထိတွေ့ဆက်ဆံသင့်ပါတယ်။ ဒီကိစ္စမှာ NUG နဲ့ တွေ့ဆုံတာအပြင် တခြားအာဆီယံနိုင်ငံတွေ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေလည်း NUG နဲ့ ထိတွေ့ဆက်ဆံဖို့ တိုက်တွန်းတာတွေအတွက် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာကို ကျနော် အသိအမှတ်ပြုပါတယ်။  

ဒီထက်အများကြီး ပိုလုပ်သင့်ပြီး လူသိရှင်ကြားလည်း ဖြစ်သင့်ပါတယ်။​ နောက်တချက်က အခုနနိုင်ငံတွေအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ကြီးမားတဲ့အခန်းကဏ္ဍမှာရှိနေကြပြီး ရှေ့ဆက်သွားနိုင်ရေးမှာလည်း အရေးပါနေတဲ့ ရက္ခိုင့်တပ်တော် AA အပါအဝင် အဓိက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ လူနည်းစု အသိုင်းအဝိုင်းတွေ များများတွေ့ဆုံကြရပါမယ်။ 

တော်လှန်ရေးအင်အားစုတွေ ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာ ဒေသခံ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးနဲ့ ပတ်သက်တဲ့ အထောက်အပံ့တွေ၊ သင်တန်းတွေ လုပ်ပေးသင့်တယ်လို့ ထင်မြင်ပါတယ်။ အဲဒါဟာ အောက်ခြေအဆင့်မှာ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်ရေးကို တည်ဆောက်နိုင်ဖို့ စတင်ရမယ့်နည်းလမ်းလို့ ထင်ပါတယ်။ 

ပညာရေးအတွက် အခက်အခဲဖြစ်နေကြတဲ့ မြန်မာလူငယ်ကျောင်းသားတွေကို ပညာသင်ယူနိုင်ခွင့် များများရရှိကြဖို့ ထောက်ပံ့ကူညီငွေ အကြီးအကျယ် တိုးမြှင့်ပေးသင့်ပါတယ်။ အွန်လိုင်း ပညာရေးတွေလည်း ဖြစ်နိုင်တယ်။​ NUG နဲ့ ဒေသခံအဖွဲ့အစည်းတွေကတဆင့်လည်း ဖြစ်နိုင်ပါတယ်။ ထိုင်းနဲ့ အိန္ဒိယလို တခြားနိုင်ငံတွေမှာလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံတိုင်းကလည်း မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ ခပ်တင်းတင်း ရှုမြင်သင့်နေပါပြီ။ အမေရိကန်အစိုးရနဲ့ တခြားနိုင်ငံတွေက ဒီနည်းလမ်းကို စဉ်းစားကြလိမ့်မယ်လို့ သေချာပေါက်ထင်ပါတယ်။​ အကြောင်းတရားတွေ ရှိကောင်းရှိပေမယ့် ဘာကြောင့် ဒီကိစ္စကို အရေးမယူကြသေးတာလဲ ကျနော် မသိပါဘူး။ ​ 

အခုချိန်ဟာ ကျနော်တို့အားလုံးအနေနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ NUG ရန်ပုံငွေရရှိနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားကြရမယ့် အချိန်ရောက်ပါပြီ။​ 

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်အနေနဲ့လည်း လူသားချင်းစာနာထောက်ထားမှုမှာ အဆင့်မြင့်ပုံရိပ် အသုံးချဖို့လိုအပ်ပြီး ထိုင်းနိုင်ငံကို သွားသင့်ပါတယ်။ လုပ်ရမယ့်အလုပ်ကို လုပ်ပါ။ ဒါ မလွယ်ကူဘူးဆိုတာ ကျနော် သိပါတယ်။ အတွင်းရေးမှုးချုပ်အနေနဲ့ ဦးဆောင်မှုပေးဖို့ အခွင့်အလမ်းဟာ အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု လိုအပ်ချက်တွေ အကြီးအကျယ်ရှိနေတယ်ဆိုတာ ကျနော်တို့ အားလုံးသိနေကြပါတယ်။ တချို့ အကူအညီတွေက နယ်စပ်တွေကတဆင့် ပေးပို့နိုင်ပါတယ်။ ကုလအတွင်းရေးမှုးချုပ်အနေနဲ့ ကူညီစွမ်းဆောင်ပေးနိုင်မယ် ထင်ပါတယ်။ 

နောက်ဆုံး ပြောချင်တာကတော့ နိုင်ငံတကာဥပဒေ တာဝန်ခံမှုအရ ကြိုးပမ်းမှုတွေကို နှစ်ဆ မြှင့်တင်နိုင်ဖို့ပါ။​ ICJ တရားရုံးတော်က ဆုံးဖြတ်ချက်ဟာ အပြုသဘော ခြေလှမ်းပါ။ တရားဥပဒေအရ ဖြစ်စဉ်တွေက နှေးကွေးပေမယ့် စစ်ဗိုလ်ချုပ်တွေ ဥပဒေအရ တာဝန်ခံမှုရှိရမယ် ဆိုတာကို သတိပြုမိလာစေဖို့ အရေးကြီးပါတယ်။ ကျေးဇူးတင်ပါတယ်။ 

စကော့ မာစီရယ် (မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း၊ ၂၀၁၆-၂၀၂၀ )

(ဇူလိုင် ၂၅ ရက်က ကျင်းပခဲ့တဲ့ မြန်မာပြည် အကျပ်အတည်းအတွက်  နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များရဲ့ ကြားနာပွဲမှတ်တမ်းမှ  သံအမတ်ကြီးဟောင်း စကော့ မာစီရယ်၏  ပြောကြားချက်အချို့ကို ကောက်နုတ်တင်ပြသည်။)

Credit - APHR

//
More News
Up