ဧရာဝတီတိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေများလာချိန် မအူပင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်သားတွေက ဇူလိုင်လကုန်ပတ်ကစတင်ပြီး ရှေ့တန်းထွက်သလိုမျိုး ပုံစံတွေနဲ့ ကင်းလှည့်တာတွေ ပြုလုပ်လာကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ညမထွက်ရအမိန့်ထုတ်ပြီး နောက်ရက်ကစတင်ကာ ကင်းလှည့်ချိန်မှာ နေ့ရော ညပိုင်းပါ အင်အားအများအပြားနဲ့ ကင်းလှည့်သလို သေနတ်တွေကိုလည်း အသင့်အနေအထားချိန်ပြီး ကင်းလှည့်တာလို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကြောင်းချီလာတဲ့ပုံစံမျိုးလုပ်လာတာ အရင်ကလည်း လှည့်တယ်။ အဲ့တာက ခုလိုမျိုးမဟုတ်ဘူး ခုမှ ထူးထူးဆန်းဆန်းလုပ်လာတာ။ ဘာလို့လဲတော့မပြောတက်ဘူး။ အရင်လက ရဲစခန်းပတ်ပတ်လည်ကိုလည်း ဝါးချွန်တွေနဲ့ ကာတာတွေရှိတယ်။ ကြောက်နေတာလည်းဖြစ်နိုင်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
မအူပင်မြို့နယ်မှာရှိတဲ့ ရဲစခန်းတွေကို ပြီးခဲ့တဲ့ ဇွန်လပိုင်းက ဝါးချွန်တွေနဲ့ ပတ်ပတ်လည်ကာရံခဲ့သလို ခုလည်း စစ်ကြောင်းချီသလို ရှေ့တန်းအသင့်ပြင်ပုံစံမျိုးနဲ့ ကင်းလှည့်နေတာကြောင့် တိုက်ပွဲဖြစ်တော့မလားဆိုတဲ့ စိုးရိမ် စိတ်နဲ့ ဒေသခံတွေအနေနဲ့လည်း စိတ်ပူ နေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ခုလိုမျိုး စစ်ကြောင်းချီသလိုပုံစံမျိုး မအူပင်မြို့မှာ ကင်းလှည့်လာတာဟာ ဇူလိုင်လကုန်ပတ်ထဲမှာ မအူပင်မြို့နဲ့နီးစပ်တဲ့ ဖျာပုံမြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေပြုလုပ်ခဲ့တဲ့ မစ်ရှင်တွေနဲ့ သက်ဆိုင်နိုင်တယ်လို့ ရဲဝန်ထမ်းဟောင်းတဦးက သုံးသပ်ပြောဆိုပါတယ်။