မန္တလေးတိုင်းအတွင်း ဇူလိုင် ၃၁ ရက်နေ့ မနက် ၁ နာရီလောက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြင်ဦးလွင်နဲ့ပုသိမ်ကြီး မြို့ပေါ်ရပ်ကွက်တွေ ရေကြီးရေလျှံဖြစ်နေပါတယ်။
ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၇ မှ ကိုဘုန်းထက်အောင်က ”ကျနော့်အသက် ၂၅ နှစ်အတွင်းတော့ ဒါပထမဦးဆုံးပါပဲ။ မိုးကတော့ မနက် ၁ နာရီကတည်းက အဆက်မပြတ်ရွာတာပါ။ ပြင်ဦးလွင် ရပ်ကွက်ကြီး ၁၇ အနီး စခန်းဘူတာ နဲ့ ဂဲလောင်းချောင်းတဝိုက်က နေရာတွေမှာ ရေကြီးပါတယ်။ ပြည်တော်သာရပ်ကွက်နဲ့ မြို့တွင်းရပ်ကွက်တွေအထဲထိ ရေကကြီးပါတယ်” လို့ ပြောပါတယ်။
ရေဘေးကြောင့် မြို့ပေါ်ရပ်ကွက်အချို့မှာ အခုလက်ရှိ စားသောက်ရေး အခက်အခဲဖြစ်နေပြီး ပြင်ဦးလွင်နာရေးကူညီမှုအပြင် တခြားအလှူရှင်တွေကပါ ထမင်းထုပ်တွေ လှူပေးနေကြတယ်လို့ ဆိုပါတယ်။