စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ကေအိုင်အေနဲ့ PDF အဖွဲ့ကပစ်ခတ်လို့ စစ်ကောင်စီတပ်က တပ်ကြပ် တယောက် သေဆုံးပြီး တပ်သား တယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့ကပြောပါတယ်။
မော်လူးမြို့နဲ့ နဘားရွာကြားက ကေတီဗွီဆိုင်တဆိုင်မှာ သောက်စားမူးယစ်ပြီး မတရားသဖြင့် ငွေတောင်းပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သား နှစ်ယောက်ကို ကေအိုင်အေနဲ့ PDF အဖွဲ့က ဇူလိုင် ၂၇ ရက် နေ့လယ် ၂ နာရီလောက်မှာ ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အင်းတော်တော်လှန်ရေးတပ်ဖွဲ့ IR တာဝန်ရှိသူတစ်ဦးက “တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ၄၁၆ က တပ်သား ချမ်းအေးနဲ့ တပ်ကြပ် ကျော်သူရတို့ကို ကေအိုင်အေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ တပ်သားချမ်းအေးကို အရှင်ဖမ်းမိပြီး တပ်ကြပ်အဆင့်ရှိသူ ကျော်သူရကတော့ သေဆုံးသွားပါတယ်” လို့ ပြောပါတယ်။
ဒီနေ့ မွန်းလွဲပိုင်းမှာလည်း မော်လူးရဲစခန်းကနေ အင်းတော်ဘက်အဆင်းမှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ချောဆွဲလာတဲ့ ကားတစ်စီးပျက်စီးသွားတယ်လို့လည်း Indaw Revolution-IR အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်တွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။