မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ မုဒုံမြို့တို့မှာ နှစ်ပေါင်း ၇၀ အတွင်း ဇူလိုင်လရဲ့ အမြင့်ဆုံးအပူချိန် စံချိန်တင်သွားခဲ့တယ်လို့ မြန်မာနိုင်ငံ မိုးဇလက ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
နှစ်ပေါင်း ၇၀ အတွင်း မော်လမြိုင်မြို့ ဇူလိုင်လရဲ့ အမြင့်ဆုံးအပူချိန် ၃၄ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်နဲ့ စံချိန်တင်ခဲ့ပြီး မုဒုံမြို့မှာလည်း နှစ်ပေါင်း ၄၁ နှစ်အတွင်း ဇူလိုင်လရဲ့ အမြင့်ဆုံးအပူချိန် ၃၄ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။
ရာသီဥတုတွေ တနေ့တခြား ပူပြင်းလာတာနဲ့အမျှ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်နေတဲ့ မွန်ပြည်နယ်မှာ နှစ်ရှည်ပင် ရာဘာ၊ ကွမ်းသီး၊ သံပုရာ၊ ကျွဲကော၊ ကြက်မောက်၊ ဒူးရင်း၊ မင်းဂွတ် စတဲ့ ရာသီပေါ် အသီးအနှံတွေကအစ ရာသီဥတုဒဏ်ကြောင့် အထွက်နှုန်းတွေ ကျဆင်းလာခဲ့သလို ထိခိုက်ပျက်စီးဆုံးရှုံးမှုနဲ့ တဖြည်းဖြည်း ကြုံတွေ့လာနေရတယ်လို့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။