ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့ထဲမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်တွေကို ဒီနေ့ညနေ ၃ နာရီခွဲလောက်က သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၁ နာရီကျော်အချိန်အတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၅ ယောက်သေဆုံးတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို သေဒဏ်စီရင်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း I ရဲ့ တွဲဖက် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဖရန်းစစ်က ပြောပါတယ်။
“တကယ်တော့ ဒီနေ့ တိုက်ဖို့ မဟုတ်ဘူး။ နောက်နေ့တွေမှ စခန်းသိမ်းဖို့ စီစဉ်ထားတာ။ ဒါပေမယ့် ကိုဂျင်မီတို့၊ ဖြိုးဇေယျာသော်တို့ကိစ္စနဲ့ နည်းနည်းတင်းသွားတော့ ဒီနေ့ သွားလုပ်လိုက်တာ” လို့ ပြောပါတယ်။
တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်သား ၂ ယောက် ဒဏ်ရာရပြီး တယောက်ကတော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။