Home
မြန်မာသတင်း
ပေါက်မြို့နယ် စစ်ကောင်စီတပ်စခန်းတခုကို PDF ပူးပေါင်းတပ်များတိုက်ခိုက်
DVB
·
July 26, 2022

မကွေးတိုင်း ပေါက်မြို့နယ်မှာ ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီနဲ့ပျူစောထီး အဖွဲ့တွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဒဏ်စီရင်ခံခဲ့ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇော်ယျာသော်၊ ကိုလှမျိုးအောင်နဲ့ကိုအောင်သူရတို့အတွက် လက်စားချေတဲ့ အနေနဲ့ ပေါက်မြို့နယ်တောင်ပိုင်း တပ်ကုန်းရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၄၀ လောက်နဲ့ အထိုင်ချထားတဲ့ စခန်းကို ဒီနေ့မနက် ၅ နာရီလောက်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့တာလို့ ပေါက်မြို့နယ်လူငယ်တော်လှန်ရေးတပ်ဦး YRF ရဲ့ ပြန်ကြားရေးတာဝန်ခံ Delta က ဒီဗွီဘီကို ပြောပါတယ်။

၃ နာရီလောက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရပြီး က.ပ.စ ထုတ် ရှော့ဂန်းသေနတ်တလက်၊ လက်ပစ်ဗုံးတလုံးနဲ့ ကျည်ဆန်တွေ၊ စစ်ယူနီဖောင်း တစုံ၊ ဆိုင်ကယ် ၁၇ စီးနဲ့ ပိုက်ဆံ ၄၃၅၀၀၀ ကျပ် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကို YRF တပ်ဖွဲ့၊ ပေါက်တောင်ပိုင်းပြောက်ကျားတပ် SPGF၊ YDF တပ်ရင်း ၉ နဲ့ ၁၀၊ PDF-ရေနံချောင်း၊ ပေါက်PDF တပ်ရင်း ၄ နဲ့ ၆၊ PPC နဲ့ CAF-SPU PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်လောက်နဲ့ စစ်ကူလိုက်လာလို့ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ရေနံချောင်းမြို့ လက်မှတ်ကုန်း ရဲစခန်းကိုလည်း ဇူလိုင် ၂၅ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ သေဒဏ်စီရင်ခံခဲ့ရတဲ့ သူရဲကောင်း ၄ ဦးအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ မြေလတ်ဒေသ ဆိပ်ဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CAF-SPU PDF က လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တလုံးပေါက်ကွဲခဲ့တယ်လို့ CAF-SPU PDF ရဲ့ တပ်ရင်းမှူး  ဗိုလ်ငှက်ခါးက ပြောပါတယ်။

ဗုံကွဲပြီး ခဏအကြာမှာ အဲဒီရဲစခန်းထဲကို လူနာတင်ကားတွေဝင်လာပြီး ဆေးရုံကြီးဘက်ကို ထွက်သွားကြောင်း၊ ထိခိုက်သေဆုံးသူ အရေအတွက်ကိုတော့ အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024