Home
သတင်းဓာတ်ပုံ
သေဒဏ်ပေးကွပ်မျက်မှုအပေါ် တိုကျိုကုလရုံးရှေ့ ဆန္ဒပြ (ဓာတ်ပုံ)
ဇော်ဇော်လှိုင်
·
July 26, 2022

ဒီမိုကရေစီအရေးလှုပ်ရှားသူ  ၄ ဦးကို အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ပေး ကွပ်မျက်လိုက်တဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ ထိရောက်တဲ့အရေးယူမှုတွေ ပြုလုပ်ပေးဖို့ ဂျပန်ရောက်မြန်မာနိုင်ငံသားက ဒီနေ့ညနေ သွားရောက်တောင်းဆိုခဲ့ကြပါတယ်။

“ဒီနေ့ကျမတို့ ဒီကုလရုံးရှေ့မှာ လာဆန္ဒပြတောင်းဆိုရတာက ကျမတို့ရဲ့ သူရဲကောင်းလေးဦးကို ကြိုးပေးသတ်ဖြတ်မှုနဲ့ ပတ်သတ်ပြီး မကျေနပ်လို့ မတရားသတ်ဖြတ်ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီကို ချက်ချင်းအရေးယူ ဆောင်ရွက်ပေးဖို့ လာတောင်းဆိုတာပါ” လို့ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ မသီရိသစ္စာက ဒီဗွီဘီကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ချက်ချင်းအရေးယူပေးဖို့ ဂျပန်-အင်္ဂလိပ် နှစ်ဘာသာနဲ့ ကြွေးကြော်ခဲ့ကြသလို အဆိုပါတောင်းဆိုမှုတွေ ရေးသားထားတဲ့စာကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်  အန်တိုနီယိုဂူတာရပ်စ်ဆီ လိပ်မှုပြီး ဂျပန်ကုလသမဂ္ဂရုံးတာဝန်ရှိအရာရှိမှတဆင့် ပေးအပ်ခဲ့ကြပါသေးတယ်။

ဆန္ဒပြပွဲကို မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးအပါအဝင် ဂျပန်ရောက် မြန်မာနိုင်ငံသား ၃၀၀ နီးပါးနဲ့ စီဒီအမ် တိုကျိုသံရုံးသံအရာရှိ ဦးအောင်စိုးမိုးလည်း လာရောက်ပူးပေါင်းခဲ့ကြပါတယ်။

“ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကစလို့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ် မင်းမဲ့ဆန်ဆန်လုပ်နေတာတွေက အုပ်ချုပ်သူတွေအလုပ်လားလို့ ကျနော်က သူတို့ကို မေးချင်ပါတယ်။ အခုလို ပြည်သူတွေအပေါ် မတရားမှုကို ကျူးလွန်နေတာ လက်မခံနိုင်လို့ စီဒီအမ်ဝင်ခဲ့တာပါ။ အခုလည်း မင်းမဲ့ဆန်ဆန် ဒီတရားဥပဒေမဲ့ မတရားမှုကြီးကို လုံးဝလက်မခံနိုင်လို့ ကုလရုံးရှေ့ဆန္ဒပြကို အခုလို လာရောက်ပူးပေါင်းတာပါ” လို့ ဦးအောင်စိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားသူ  ၄ ဦးကို မြန်မာစစ်တပ်က သေဒဏ်ပေး ကွပ်မျက်လိုက်တဲ့အပေါ်  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်  အန်တိုနီယိုဂူတာရပ်စ်ကလည်း အပြင်းအထန်ရှုတ်ချကြောင်း  ဇူလိုင် ၂၅ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024