အသေခံဗုံး နှင့် မဲပုံး – အာဖဂန်နစ္စတန် ရွေးကောက်ပွဲ (၂၀၁၄)

အာဖဂန်နစ္စတန် နိုင်ငံမှာ နှစ်လကြာ ရွေးကောက်ပွဲ မဲဆွယ်တာတွေ ဧပြီလ ၂ ရက်နေ့မှာ အဆုံးသတ်လိုက်ပြီး ၅ ရက်နေ့ ကျရင် ပြည်သူတွေ မဲပေးရပါတော့မယ်။ သမ္မတ ဟာမစ် ခါဇိုင်းဟာ တာလီဘန်အစိုးပြုတ်ကျသွားတဲ့နောက်ပိုင်း ၁၂ နှစ်လုံး တိုင်းပြည်ကို ဦးဆောင်မှု ပေးခဲ့ပြီး ဖွဲ့စည်းပုံအရ နောက်ထပ်သက်တမ်းမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ပါဘူး။ Afaganရွေးကောက်ပွဲဝင်ကြမယ့် သမတလောင်းတွေထဲ ရှစ်ယောက်ထဲမှာ ရှေ့တန်းရောက်နေသူ သုံးယောက် ပေါ်ထွက်လာပါတယ်။ နိုင်ငံခြားရေး ၀န်ကြီးဟောင်းတွေအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အပ်ဗဒူလာ၊ အပ်ဗဒူလာ၊ ဇယ်မေး ရက်ဆိုးနဲ့ ဘဏ္ဍာရေး ၀န်ကြီးဟောင်း အက်ရပ်ဖ် ဂန္ဒီ တို့ ဖြစ်ပါတယ်။ အပ်ဗဒူလာကို တာဂျစ် တိုင်းရင်းသားတွေက အဓိက ထောက်ခံကြပါတယ်။ သူဟာ အာဖဂန်နစ္စတန်မှာ ဒုတိယ လူဦးရေ အများဆုံး အာဖဂန် တာဂျစ်တွေရဲ့ အခွင့်အရေးအတွက် ရပ်တည်ကာကွယ်သူအနေနဲ့ ထင်ရှားပါတယ်။ အပ်ဗဒူလာဟာ ယူနိုက်တိုက် ဖရန့် ညီညွတ်သော တပ်ဦးရဲ့ နိုင်ငံခြားရေး ၀န်ကြီးတာဝန်ကို ယူခဲ့ဖူးပါတယ်။ အဲဒီအဖွဲ့ကို နိုင်ငံတကာမှာတော့ မြောက်ပိုင်း မဟာမိတ် အနေနဲ့ သိကြပါတယ်။ အမေရိကန်အစိုးရရဲ့ တာလီဘန် အစိုးရ ဖြုတ်ချရေးမှာ အကူအညီပေးခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ အပ်ဗဒူးလာ အပ်ဗဒူလာဟာ ဆရာဝန်တယောက်လည်းဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့ပြီး ခါဇိုင်းပြီးရင် မဲအများဆုံးရခဲ့ပါတယ်။ ထိပ်ဆုံးသုံးယောက် ဇယ်မေး ရက်ဆိုးကတော့ အာဖဂန် နိုင်ငံခြားရေး ၀န်ကြီးအနေနဲ့ ၂၀၁၀ ကနေ ၂၀၁၃ အထိ တာဝန်ထမ်းခဲ့ပြီး သမ္မတ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ နုတ်ထွက်ခဲ့ပါတယ်၊ သူနဲ့ တွဲဖက် ရွေးကောက်ပွဲဝင်မယ့် ဒုတိယသမတ လောင်းက ဟာဘီဘာ ဆာရာဘီလို့ ခေါ်ပါတယ်။ သူဟာ အာဖဂန်နစ္စတန် သမိုင်းမှာ ပထမဆုံး အမျိုးသမီး ပြည်နယ်အုပ်ချူပ်ရေးမှူး ဖြစ်ခဲ့ပြီး အမျိုးသမီးရေးရာ ၀န်ကြီးနဲ့ ယဉ်ကျေးမှုနဲ့ ပညာရေး ၀န်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အက်ရပ်ဖ် ဂန္ဒီအာမက်ဇိုင်းကတော့ ဘဏ္ဍာရေး ၀န်ကြီးနဲ့ ကမ္ဘာဘဏ် အရာရှိဖြစ်ပါတယ်။ သူလည်း ၂၀၀၉ ခုနှစ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့ပြီး စတုတ္ထမဲအများဆုံး ရခဲ့ပါတယ်။ ၂၀၁၄ ရွေးကောက်ပွဲမှာ သူနဲ့ အတူယှဉ်ပြိုင်မယ့် ဒုတိယသမတလောင်းကတော့ အာဖဂန်မှာ ဆိုဗီယက် စစ်ပွဲမှာ တိုက်ပွဲဝင် ဗိုလ်ချုပ်ဟောင်း အပ်ဒဲ ရာရှစ် ဒပ်စတွန် ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ အာဖဂန် နစ္စတန်ရဲ့ သမိုင်းမှာ ပထမဆုံး ဒီမိုကရေစီနည်းကျရွေးချယ်တဲ့ အစိုးရအချင်းချင်း အာဏာလွှဲပြောင်းပေးမယ့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ကတော့ ခိုင်လုံမဲ ထက်ဝက်ကျော် အနိုင်ရဖို့ လိုအပ်ပါတယ်၊ ဒီအရေအတွက်ကို မရရင်တော့ အများဆုံး ရတဲ့ သမတ လောင်း နှစ်ယောက်ဟာ ဒုတိယအကျော့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရှေ့တန်းရောက်နေတဲ့ သမတလောင်း သုံးယောက်စလုံးဟာ လူထုထောက်ခံမှုအရ မတိမ်းမယိမ်း ရှိကြတဲ့အတွက် ဒုတိယအကျော့ သမတ ရွေးကောက်ပွဲက ဖြစ်လာနိုင်ခြေများပါတယ်။ လုံခြုံရေးပြဿနာ ဒီကြားထဲမှာ ရွေးကောက်ပွဲကို ဖျက်ဆီးမယ့် ဆူပူသောင်းကျန်းသူတွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် အာဖဂန် ပြည်သူတွေကတော့ ရွေးကောက်ပွဲမှာ မဲပေးဖို့ စိတ်ပိုင်းဖြတ်ထားကြ ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ သုံးရက်အလိုမှာ တာလီဘန် အသေခံ ဗုံးခွဲသမားတယောက်က ကဘူးမြို့က ပြည်ထဲရေး ၀န်ကြီးချုပ်ကို ဖောက်ခွဲတိုက်ခိုက်လို့ ဗုံးခွဲသမားနဲ့ ရဲခြောက်ယောက် သေဆုံးခဲ့ပါတယ်။ မတ်လ ၂၉ ရက်နေ့မှာလည်း ကဘူးမြို့က လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးချုပ်ကို တာလီဘန်တွေက စစ်သွေးကြွတွေက ၀င်ရောက် တိုက်ခိုက်ဖို့ ကြိုးစားလို့ လို့ ငါးနာရီကြာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဖောက်ခွဲရေးသမား စစ်သွေးကြွ ၅ ယောက်စလုံးကို လုံခြုံရေးအဖွဲ့တွေက အသေဖမ်းဆီး နိုင်ခဲ့ပါတယ်။ မြင်ကွင်းကျယ် အာဖဂန် လူဦးရေ သန်း ၃၀ ရှိပြီး မဲပေးခွင့်ရှိသူ ၁၃ သန်း ရှိပါတယ်။ မဲပြားပေါင်း ၁၈ သန်းလောက် ရိုက်နှိပ် ဖြန့်ဝေထားပါတယ်။ ဧပြီလ ၅ ရက်နေ့ မနက် ၇ နာရီမှာ စဖွင့်ပြီး ညနေလေးနာရီမှာ ပိတ်ပါမယ်။ တချို့ မဲရုံတွေမှာတော့ မဲပေးသူ အရေအတွက်ပေါ် မူတည်ပြီး နှစ်နာရီလောက် အချိန်ပိုနိုင်ပါတယ်။ အာဖဂန်နစ္စတန်ရဲ့ တောတောင် ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ပထ၀ီ အနေအထားကြောင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ လနဲ့ ချီပြီး ကြာမြင့်ဖို့ကတော့ သေချာသလောက်ပါပဲ။ မဲရုံပေါင်း နှစ်သောင်းရှစ်ထောင်ငါးရာနီးပါး ရှိမှာဖြစ်ပါတယ်။ ဒီထဲက လုံခြုံရေးကြောင့် မဲရုံတွေရဲ့ ဆယ်ပုံတပုံလောက်မှာ ရွေးကောက်ပွဲကို မကျင်းပ ဖြစ်ဖို့ များတယ်လို့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားပါတယ်။ ရွေးကောက်ပွဲ စောင့်ကြည်သူ နှစ်သိန်းလောက် ရှိမှာမို့ မဲရုံတိုင်းမှာ ရွေးကောက်ပွဲ စောင့်ကြည့်သူ ၁၀ ယောက် နှုန်း ရှိပါလိမ့်မယ်။ ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းမှာ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေ တည်းခိုနေတဲ့ ကဘူးလ်မြို့က ဟိုတယ်တခုကို တာလီဘန်တွေက တိုက်ခိုက်ခဲ့တဲ့အတွက် နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့ သုံးခု နောက်ကြောင်း ပြန်သွားတာလည်း ရှိပါတယ်။ မဟာမိတ်တွေအပြန် ဒီရွေးကောက်ပွဲဟာ ခေါင်းဆောင်သစ်ကို ရွေးချယ်တာ သက်သက်မဟုတ်ဘဲ၊ အနာဂတ်မှာ နိုင်ငံတည်ငြိမ်ရေး၊ ချမ်းသာကြွယ်ဝရေးနဲ့ လုံခြုံရေးကိစ္စတွေနဲ့လည်း ပက်သက်နေပါတယ်။ တာလီဘန်ခေတ်အလွန်မှာ အာဖဂန်မြေပေါ်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ အမေရိကန် ညွန့်ပေါင်းအဖွဲ့ဝင် စစ်သား ၃၅၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။ အာဖဂန် စစ်သား ထောင်ပေါင်းများစွာရဲ့ အသက်တွေလည်း စတေးခဲ့ရပါတယ်။ နိုင်ငံခြားတပ်တွေဟာ ၂၀၀၁ ခုနှစ်မှာ တာလီဘန်ခေတ် အဆုံးသတ်သွားတဲ့အချိန်ကစလို့ အာဖဂန်နစ္စတန်ရဲ့ လုံခြုံရေးမှာ အဓိက အခန်းကနေ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံခြားတပ်တွေဟာ ဒီနှစ်ကုန်မှာ အာဖဂန်နစ္စတန်ကနေ ပြန်ရုပ်သိမ်းပြီး အာဖဂန်ပြည်တွင်း လုံခြုံရေးတပ်ဖွဲ့တွေက တိုင်းပြည်လုံခြုံရေးကို တာဝန်ယူရဖို့ ရှိနေပါတယ်။ အာဖဂန်တပ်တွေနဲ့ နောက်ကျန်ထားမယ့် နိုင်ငံခြားတပ်အင်အားတချို့ကို နိုင်ငံခြားကနေ ငွေကြေးထောက်ပံ့နိုင်စေမယ့် လုံခြုံရေးစာချုပ်မှာ သမတ ခါဇိုင်းက လက်မှတ်ထိုးဖို့ အမေရိကန် သမတ အိုဘားမားက လိုလားနေပါတယ်၊ ဒါပေမ့ယ် သမတ ခါဇိုင်းက လက်မှတ်ထိုးဖို့ ငြင်းဆန်နေပါတယ်။ တာလီဘန်တွေနဲ့ အမေရိကန် အစိုးရတို့ ဆွေးနွေးတာ တိုးတက်တာမျိုးကို ပိုပြီး လိုလားတယ်လို့ ခါဇိုင်းက ပြောနေပါတယ်။ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်မထိုးနိုင်ရင် နိုင်ငံခြား အထောက်အပံ့တွေ အားလုံး ရပ်သွားဖို့ ရှိပါတယ်။ အစွန်းရောက်တွေရဲ့ ခြိမ်းခြောက်မှုက ဆက်ရှိနေတဲ့အခြေအနေမှာ အာဖဂန် လုံခြုံရေးတပ်တွေကလည်း စွမ်းရည်ပိုင်းမှာ အားနည်းသေးတယ်။ ဒါကြောင့် နိုင်ငံခြားတပ်တွေရဲ့ အကူအညီမပါရင် အကြမ်းဖက်သမားတွေနဲ့ အစွန်းရောက်တွေကို ရင်ဆိုင်ဖို့ အခက်တွေ့နိုင်တယ်လို့ လုံခြုံရေး ကျွမ်းကျင်သူတွေက တွက်ဆနေကြပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေ မထွက်ခင်အထိတော့ ခါဇိုင်ဟာ နိုင်ငံအနေနဲ့ ဆက်ရှိနေပါဦးမယ်။ လုံခြုံရေးဆိုင်ရာ စာချုပ်လည်း လက်မှတ်ထိုးမယ့်သူ ရှိလာဦးမှာမဟုတ်ပါဘူး။ တာလီဘန်တွေဟာလည်း အစိုးရတပ်နဲ့ နိုင်ငံခြားတပ်တွေကို အင်အားချိနဲ့ သွားအောင် ကြုံရင် ကြုံသလို တိုက်ခိုက်နေပါဦးမယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up