Home
ဆောင်းပါး
ရာဂျာပါ့ခ်ဆာရဲ့ အာဏာနိဂုံးနဲ့ အာဏာမရူးတဲ့ သီရိလင်္ကာစစ်တပ်
DVB
·
July 21, 2022

အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ်လေးဟာ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ စွမ်းအင်နဲ့ အစာရေစာ မလောက်ငခြင်းတို့အပြင် နိုင်ငံတကာ အကြွေးတွေဝိုင်းနေတဲ့ဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။ ဒီလိုဖြစ်လာရခြင်းအပေါ်မှာ သီရိလင်္ကာနိုင်ငံသားတွေကတော့ နိုင်ငံရေးခေါင်းဆောင်တွေကို အပြစ်တင်နေကြပါတယ်။ 

သမ္မတဖြစ်သူ ဂိုတာဘာရာ ရာဂျာပါ့ခ်ဆာက ပြည်ပကို ထွက်ပြေးသွားပြီးနောက်မှာ အခြေအနေတွေက ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ပြည်လုံးကျွတ်ဆန္ဒပြမှုတွေနဲ့ ဇူလိုင်လ ၉ ရက်နေ့က သမ္မတအိမ်တော်ကို ဆန္ဒပြသူတွေက ဝင်ရောက်စီးနင်းခဲ့မှုတွေကြောင့် နုတ်ထွက်ဖို့ လက်မှတ်ရေးထိုးရခါနီးဆဲဆဲမှာ သမ္မတဟာ သူ့ရဲ့မိသားစုဝင်တွေနဲ့အတူ ကိုလံဘိုမြို့ကနေ စစ်တပ်ပိုင် ဂျက်လေယာဉ်နဲ့ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ 

ရာဂျာပါ့ခ်ဆာဟာ မော်လ်ဒိုက်မှာ  ၃၆ နာရီကျော် နေထိုင်ပြီးနောက် စင်ကာပူကို ရောက်လာခဲ့ပါတယ်။ ရာဂျာပါ့ခ်ဆာ ရောက်လာတဲ့ အပေါ်မှာ စင်ကာပူအစိုးရက မနှစ်မြို့ကြောင်း ပြင်းထန်တဲ့ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် လွှတ်တော်က ရာဂျာပါ့ခ်ဆာရဲ့ နုတ်ထွက်ခွင့်ကို လက်ခံလိုက်ပြီးနောက် အာဏာရှင်မိသားတစုက နှစ် ၂၀ နီးပါး အဆင့်ဆင့် အာဏာဆုပ်ကိုင်လာခဲ့တဲ့ ထီးမွေနန်းမွေ အာဏာရှင်စနစ် သီရိလင်္ကာမှာ အဆုံးသတ်သွားပြီလို့ ယူဆကြပါတယ်။

ရာဂျာပါ့ခ်ဆာ ထွက်ပြေးသွားပြီးနောက်မှာ ဝန်ကြီးချုပ် ရာနီးလ်ဝစ်ကရာမဆင်းဂ်က ယာယီသမ္မတဖြစ်လာခဲ့ပြီး နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ အငတ်ဘေးဆိုက်ပြီး ကြုံနေရတဲ့ အခုပြဿနာတွေဟာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ညံ့ဖျင်းမှုကြောင့် ဖြစ်တယ်လို့ သီရိလင်္ကာနိုင်ငံသားတွေက ဝေဖန်နေတဲ့ ဖိအားတွေကြောင့် ဝစ်ကရာမဆင်းဂ် ကိုယ်တိုင်လည်း မကြာမီမှာ နုတ်ထွက်လိမ့်မယ်လို့ ယူဆနေကြပါတယ်။ ရာဂျာပါ့ခ်ဆာတို့မျိုးဆက်ရဲ့ မဟာမိတ်ဖြစ်တာကြောင့် သီရိလင်္ကာနိုင်ငံသားတွေက ဝစ်ကရာမဆင်းဂ်ကိုလည်း မလိုမရှိကြပါဘူး။ 

သီရိလင်္ကာရဲ့ သမ္မတရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့ လွှတ်တော်က အရေးပေါ်စီစဉ်နေပြီး သမ္မတဖြစ်လာနိုင်သူဟာ လက်ရှိ ယာယီသမ္မတတာဝန်ယူထားသူ ဝန်ကြီးချုပ် ဝစ်ကရာမဆင်းဂ်ပဲ ဖြစ်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့မှာ ဆန္ဒပြသပိတ်မှောက်တာ ရက် ၁၀၀ ပြည့်ပြီဖြစ်ပြီး ဆန္ဒပြသူတွေက ဝစ်ကရာမဆင်းဂါးကိုလည်း နုတ်ထွက်ဖို့ တောင်းဆိုနေကြပါတယ်။

ဇူလိုင် ၂၀ ရက်မှာတော့ ဝစ်ကရာမဆင်းဂ်ကိုပဲ  သီရိလင်္ကာရဲ့ သမ္မတအဖြစ် လွှတ်တော်က မဲပေးရွေးချယ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၃ လ ကတည်းက ငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှုနှုန်း ၅၀ ရာခိုင်နှုန်း ကျော်လာခဲ့တဲ့ သီရိလင်္ကာရဲ့ စီးပွားရေးအကျပ်အတည်းဟာ ဒီထက်ပိုဆိုးလာဖို့ ခန့်မှန်းထားကြပါတယ်။ နိုင်ငံအတွင်းမှာ အစာရေဆာနဲ့ လောင်စာဆီမလုံလောက်မှုကို ခံစားနေရပြီး နိုင်ငံခြားကြွေးမြီများကို ပြန်လည်ပေးဆပ်ရမယ့် နောက်ဆုံးအချိန်ဖြစ်တဲ့ မေလမှာလည်း အကြွေးတွေ ပေးဆပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ 

နိုင်ငံရေးပြဿနာတွေလည်း ကြုံနေရတဲ့ သီရိလင်္ကာမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကလည်း ထင်ရှားလာပါတယ်။ သမ္မတအိမ်တော်ကို ဝင်ရောက်စီးနင်းမှုဖြစ်ခဲ့စဉ်က ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်ခဲ့တယ်လို့ သတင်းတွေရှိခဲ့ပေမယ့် အခြေအနေကို ထိန်းသိမ်းနိုင်ရေးအတွက် မိုးပေါ် ထောင်ပစ်ခဲ့တာသာ ဖြစ်တယ်လို့ သီရိလင်္ကာစစ်တပ်ရဲ့ ခေါင်းဆောင်က ပြောပါတယ်။ 

ဒီလိုအခြေအနေမှာ အခြေအနေ ပြန်လည်တည်ငြိမ်ရေးနဲ့ အစိုးရသစ် ပြန်လည်ဖွဲ့စည်းပြီးတဲ့ အချိန်ထိ စစ်တပ်က အစိုးရနေရာ ဝင်ယူနိုင်မလားဆိုတဲ့ မေးခွန်းတွေ ရှိလာခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး အစိုးရနေရာကို ဝင်ယူခဲ့ရင် အခုအခြေအနေတွေကို ထိန်းသိမ်းနိုင်ကောင်း ထိန်းသိမ်းနိုင်မှာ ဖြစ်ပေမယ့် သီရိလင်္ကာစစ်တပ်ရဲ့ ခေါင်းဆောင်ကတော့ အစိုးရအဖွဲ့ထဲ ဝင်ပါချင်ပုံမရပါဘူး။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းရင်းနှစ်ခုထဲက တစ်ခုက ရိုးရာဓလေ့ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်အတွင်းမှာ ဒေသခံတိုင်းရင်းသားတွေနဲ့ ပြည်တွင်းစစ်တွေဖြစ်ခဲ့ပြီး အဲဒီအချိန်တွေအတွင်း စစ်တပ်အုပ်ချုပ်မှုအောက် ရောက်သွားနိုင်တဲ့ အခြေအနေတွေ ရှိခဲ့ဖူးပါတယ်။

ခွဲထွက်ရေးသမားတွေအပေါ် ပြတ်ပြတ်သားသား အနိုင်ယူပြီး နိုင်ငံအစိတ်စိတ်အမြွှာမြွှာမကွဲအောင် စစ်တပ်က ထိန်းသိမ်းပေးခဲ့တယ်ဆိုတဲ့ အမြင်လည်း အတော်များများမှာ ရှိနေခဲ့ကြပါတယ်။ 

သီရိလင်္ကာစစ်တပ်ဟာ အင်အားကြီးမားခြင်း၊ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရခြင်းများရှိပြီး၊ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေရှိခဲ့သော်လည်း သီရိလင်္ကာ နိုင်ငံသားတွေဟာ ဒီမိုကရေစီစနစ်အတိုင်း ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကိုသာ လက်ခံခဲ့ကြပါတယ်။ ၁၉၆၂၊ ၁၉၆၆ နဲ့ ၁၉၉၁ ခုနှစ်တို့မှာ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားမှုတွေ ရှိခဲ့ပေမဲ့ အရပ်သားအစိုးရက တားဆီးနိုင်ခဲ့ပါတယ်။

နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ စီးပွားရေးအခြေအနေ ဖြစ်ပါတယ်။ သီရိလင်္ကာမှာ အခုကြုံနေရတဲ့ ပြဿနာတွေဟာ စီမံအုပ်ချုပ်ပုံမှားယွင်းခြင်းနဲ့ အကျင့်ပျက် ခြစားခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အခုလာမယ့် အစိုးရသစ်ဟာ နိုင်ငံတကာချေးငွေတွေအတွက် အာမခံခြင်း သို့မဟုတ် စီးပွားရေးပြန်လည်တည်ငြိမ်ရေးအတွက် လိုအပ်တဲ့ ဆောင်ရွက်ချက်တွေလုပ်ပြီး အစားအစာနဲ့ လောင်စာဆီတင်ပို့ဖို့တွေကို ဆောင်ရွက်ရတော့မှာဖြစ်ပါတယ်။ အဲဒီလို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို အရပ်သားအစိုးရကသာ ဆောင်ရွက်နိုင်မှာကြောင့်လည်း ဖြစ်ပါတယ်။

ပြည်တွင်းစစ် ဖြစ်ခဲ့တဲ့အချိန်က တမီလ်ခွဲထွက်ရေးအဖွဲ့တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ သီရိလင်္ကာစစ်တပ်ကို နိုင်ငံတကာအဖွဲ့အစည်းတွေက အယုံအကြည် မရှိကြတာကြောင့်လည်း သီရိလင်္ကာမှာ စစ်အစိုးရဖြစ်မလာတာပါ။ အကယ်၍သာ စစ်ခေါင်းဆောင်တွေက အာဏာသိမ်းခဲ့ရင် သီရိလင်္ကာဟာ အပယ်ခံနိုင်ငံဖြစ်လာပြီး အခုချိန်မှာ သူတို့လိုအပ်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မရတော့ဘဲ ပြန်လည်နာလန်ထူလာနိုင်ဖို့ မလွယ်တော့ပါဘူး။

ရာဂျာပါ့ခ်ဆာက ဝစ်ကရာမဆင်းဂ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်စဉ်က နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အစရှိတဲ့ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့တွေနဲ့ ချေးငွေကိစ္စတွေမှာ ညှိနှိုင်းနိုင်စွမ်းရှိသူကို ဦးစားပေးရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဝစ်ကရာမဆင်းဂ်ဟာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ကြေညာခဲ့ပြီး ဖြစ်သလို ချေးငွေပြန်လည်ပေးဆပ်ရေး အစီအစဉ်သစ်တရပ်ကို လာမယ့်ဩဂုတ်လမှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို တင်ပြသွားဖို့ ရှိနေပါတယ်။

သီရိလင်္ကာမှာ စီးပွားပျက်ကပ်ဆိုက်လာရခြင်းရဲ့ ရာခိုင်နှုန်းအတော်များများဟာ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အကျင့်ပျက် ခြစားမှုနဲ့ အစိုးရရဲ့ စီမံအုပ်ချုပ်မှုညံ့ဖျင်းခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အခွန်အခတွေ မနိုင်မနင်းလျှော့ပေးတာနဲ့ အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းတွေမှာ လိုအပ်တာထက် ပိုမိုသုံးစွဲတာတွေကြောင့် နိုင်ငံ့ဘဏ္ဍာငွေတွေ ကုန်သွားခဲ့ရပြီး ပို့ကုန်သွင်းကုန် မမျှတမှုကြောင့် နိုင်ငံခြားအရန်ငွေတွေပါ ဆုံးရှုံးခဲ့ရပါတယ်။

ပြန်လည်ပေးဆပ်ရမယ့် နိုင်ငံခြားကြွေးမြီတွေထဲကနေ ဆပ်လို့ရသမျှ တရုတ်ကို ပြန်ဆပ်လိုက်ခြင်းကလည်း ပြဿနာကို ပိုမိုကြီးထွားစေခဲ့ပါတယ်။ သီရိလင်္ကာရဲ့ ကြွေးရှင်နိုင်ငံ စာရင်းမှာ တရုတ်က ထိပ်ဆုံးကရှိနေပြီး အကြွေးကိစ္စ ညှိနှိုင်းမှုတွေကို များသောအားဖြင့် ငြင်းပယ်ခဲ့ပါတယ်။ သူ့(တရုတ်)ရဲ့ ခါးပတ်လမ်းစီမံကိန်းတွေကို အကြောင်းပြုပြီး သီရိလင်္ကာဟာ သူ့ကိုပေးရမယ့် အကြွေးနွံထဲ နစ်သထက်နစ်သွားခဲ့တာ ဖြစ်ပါတယ်။ သီရိလင်္ကာရဲ့ အကြွေးတွေအပေါ် လိုက်လျောမှုပြုလိုက်ရင် အကြွေးယူထားတဲ့ တခြားနိုင်ငံတွေကပါ ညှိနှိုင်းမှုတွေလုပ်လာပြီး သူ့ရဲ့ခါးပတ်လမ်းစီမံကိန်း ပျက်စီးသွားမှာကို ကြောက်တာကြောင့် သီရိလင်္ကာရဲ့ အကြွေးကိစ္စညှိနှိုင်းမှုတွေကို တရုတ်က ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက သီရီလင်္ကာတောင်ပိုင်းက ဟမ်ဘန်တိုတာဆိပ်ကမ်း ပရောဂျက်အတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမမ ၁ ဘီလီယံ တရုတ်ကို ပြန်ပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် ဟမ်ဘန်တိုတာ ဆိပ်ကမ်းနဲ့အတူ ဘေးပါတ်ဝန်းကျင်က ဧက ထောင်ပေါင်းများစွာသောမြေတွေကို သီရိလင်္ကာက ၉၉ နှစ်အငှားစာချုပ်မှာ လက်မှတ်ထိုးပေးခဲ့ရပါတယ်။ ကိုလွန်ဘိုဆိပ်ကမ်းမြို့ ဖွံ့ဖြိုးရေးစီမံကိန်းမှာလည်း ၉၉ နှစ် အငှားစာချုပ်နဲ့ တရုတ်က ၄၃ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။

တရုတ်က သူ့ရဲ့ စီးပွားရေးထောင်ချောက်ဗျူဟာကို အသုံးချပြီး သီရိလင်္ကာအပေါ် အမြတ်ထုတ်နေသလို စီးပွားရေးဓားစာခံပြုထားတယ်လို့ နယူးဒေလီအခြေစိုက် Red Lantern Analytica သုတေသနအဖွဲ့က ဇူလိုင်လ ၉ ရက်နေ့မှာ ပြောခဲ့ပါတယ်။ 

ဒါဟာ တရုတ်နိုင်ငံကနေ အကြွေးအမြောက်အမြား ချေးယူထားတဲ့ တခြားနိုင်ငံတွေအတွက်လည်း သတိထားရမယ့်အချက်ဖြစ်တယ်လို့ ဆိုပါတယ်။

သီရိလင်္ကာရဲ့ စီးပွားရေးအကျပ်အတည်းအပေါ် တရုတ်က တာဝန်ယူမှုအနည်းငယ် ရှိသင့်သော်လည်း ယခုချိန်ထိ ဘာလက္ခဏာမှ မပြသလို နောက်လည်းရှိလာမှာမဟုတ်ဘူးလို့ အင်္ဂလန်နိုင်ငံ လန်ကတ်စတာတက္ကသိုလ်က နိုင်ငံရေး၊ ဒဿနနဲ့ ဘာသာရေး ဘာသာရပ်တွေရဲ့ ပါမောက္ခဖြစ်သူ Amalendu Misra က ပြောပါတယ်။

(Channel News Asia ဝက်ဘ်ဆိုက်မှာဖော်ပြထားတဲ့ ဆောင်းပါးရှင် လန်ကတ်စတာတက္ကသိုလ် ပါမောက္ခ  Amalendu Misra  ရေးသားထားတဲ့  “How Sri Lanka got itself into such a mess” ဆောင်းပါးနဲ့  BBC World Service  မှာဖော်ပြထားတဲ့   “Sri Lanka political dynasty ends as Rajapaksa quits” ဆောင်းပါးတွေကို အခြေခံပြီး ဘာဘာပြန်ဆိုဖော်ပြခြင်းဖြစ်သည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024