မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာမှာ ဇူလိုင် ၂၀ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်က စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း အပါအဝင် ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနဲ့ မော့ကနင်ကျေးရွာနေ ကိုဇော်တို့ကို ရေးမြို့နယ်ပြည်ကာကွယ်ရေးတပ်ဖွဲ့က ကော့ဒွတ်ကျေးရွာ သုသာန်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတွေ အဆိုအရ ကော့ဒွတ်ကျေးရွာ သုသာန်မှာ အသုဘအခမ်းအနားတခု လုပ်နေစဉ် သူတို့နှစ်ဦးကို သေနတ်လာရောက် ပစ်သတ်သွားတာလို့ ဆိုပါတယ်။
သေနတ်ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းမှာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့သလို ကိုဇော်ကိုတော့ မော်လမြိုင်ဆေးရုံကို ပို့ဆောင်စဉ် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ရေးမြို့နယ်ပြည်ကာကွယ်ရေးတပ်ဖွဲ့ကတော့ ဒေသခံပြည်သူတွေ တိုင်ကြားလာတာကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနဲ့ စစ်ကောင်စီသတင်းပေး ကိုဇော်တို့ကို ရှင်းလင်းရတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရေးမြို့နယ်မှာတော့ စစ်ကောင်စီတပ် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၅ ဦးထက်မနည်း သေနတ်နဲ့ ပစ်သတ်ခံထားရပါတယ်။