မန္တလေးတိုင်း မိုးကုတ်မြို့နေ ပြည်သူတဦးကို စစ်ကောင်စီတပ်က ဇူလိုင် ၁၃ ရက်နေ့မနက်ပိုင်းမှာ ဝင်ရောက်စစ်ဆေးချိန် ဖုန်းထဲ ဒေါ်အောင်ဆန်းစုကြည်ပုံပါတာကြောင့် နေရာတင်ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်သတ်ခံရသူက မိုးကုတ်အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်က ကျောက်သွေးဆရာဖြစ်ပြီး စစ်တပ်က တအိမ်တက်ဆင်းလိုက်လံစစ်ဆေးချိန်မှာ ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။
“ကျောက်သွေးဆရာဖုန်းထဲမှာ အမေစုပုံတွေ့လို့ဆိုပြီး ပစ်သတ်သွားတာ။ အမေးအမြန်းလည်းမရှိဘူး၊ ပိုက်ဆံလည်း သိန်း ၂၀၀ ကျော်ယူသွားတယ်၊ သတင်းကိုတော့ ဖျောက်ထားတယ်၊ ပိုက်ဆံလည်း မယူသွားဘူး၊ လူကိုလဲ ပြန်လွှတ်တယ်ဆိုပြီး သတင်းတွေလွှင့်နေတော့ ဒီလူကဖြင့် အသတ်ခံရပြီးပြီ ဆိုပြီး ပြောနေကြတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က အောင်သစ်လွင်ရပ်ကွက်ထဲကို ဇူလိုင် ၁၃ ရက်နေ့က ဝင်ရောက်စစ်ဆေးချိန် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦးဖမ်းဆီးခံရ ပြီး အမျိုးသား ၂ ဦးကတော့ ပြန်လွတ်လာတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့မှာ စစ်တပ်က အင်တာနက်လိုင်းဖြတ်တောက်ထားတာ ၂ နှစ်ကျော်ကြာပြီဖြစ်ပြီး ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လတ်တလော ဝင်ရောက်စစ်ဆေးမှုနဲ့ ဖမ်းဆီးတာတွေ ပြုလုပ်နေသလို သတင်းတင်သူတွေကိုလည်း ပုဒ်မတပ် ဖမ်းဆီးနေတာကြောင့် သတင်းတွေ မတင်ရဲမပြောရဲကြတော့ဘဲ သတင်းစီးဆင်းမှု ရပ်တန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။