မကွေးတိုင်း မြို့သစ်မြို့နယ်မှာ ဇူလိုင် ၁၆ ရက်မနက်က မကွေးအကျဥ်းထောင်မှာ ပြစ်ဒဏ် ကျခံပြီး အမှုရင်ဆိုင်နေရတဲ့ ဗိဿနိုး-PDF တာဝန်ခံတယောက်ရဲ့ နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မကွေးအကျဥ်းထောင်မှာ ပုဒ်မ ၅၀၅(က) အမှု ၂ မှု နဲ့ ပြစ်ဒဏ်ကျခံနေရပြီး အကြမ်ဖက်မှု တိုက်ဖျက်ရေး ပုဒ်မ နဲ့ အမှုရင်ဆိုင်နေရတဲ့ မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာက ကိုကျော်သူရအောင်ရဲ့ နေအိမ်ကို ဒီနေ့ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ လောက်က လာရောက်ဖျက်ဆီးခဲ့တာလို့ မြေပြင်သာကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ကိုကျော်သူရအောင်ရဲ့ RC တစ်ထပ်တိုက် နေအိမ်ကို စစ်(...)၊ရဲ(...)နဲပျူ(...)တွေက လာရောက် ဖျက်ဆီးပြီး နေအိမ်ကို ချိတ်ပတ်သွားကြတယ်။ ကျနော်တို့လည်း အနီးကပ်သွား မကြည့်ရဲတော့ ဘာတွေ ပျက်စီးတယ်ဆိုတာ အတိကျမသိရသေးဘူး။ စစ်(...)တွေကတော့ ချိတ်ပိတ်ပြီး ပြန်ထွက်သွားကြပြီ။ ကိုကျော်သူရအောင်ရဲ့ မိသားစုဝင်တွေကတော့ ဘေးလွတ်ရကို ထွက်ပြေးတိမ်ရှောင်နေကြရတယ်”
ဗိဿနိုး-PDF ရဲ့တာဝန်ခံ တစ်ယောက်ဖြစ်တဲ့ ကိုကျော်သူရအောင်ကို အခုနှစ်ဇန်နဝါရီလကုန်ပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်ဆီးပြီး ပုဒ်မ ၅၀၅ အမှု နှစ်မှု နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ထားကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ပါ အမှုရင်ဆိုင်နေရတာလို့ ဗိဿနိုး-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခု နှစ် မေ ၂၀ ရက်အထိ နိုင်ငံတဝန်း နေအိမ်ပေါင်း ၅၈၀ ကျော်ကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့ရာမှာ မကွေးတိုင်းအတွင်းက နေအိမ် ၄၈ လုံး ချိတ် ပိတ်ခံခဲ့ ရတယ်လို့ ISP-Myanmar က ဇွန် ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။