Home
မြန်မာသတင်း
ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ပစ်ခတ်မှုနှင့် ဗုံးပေါက်မှုဖြစ်ပွား
DVB
·
July 16, 2022

ရန်ကုန်တိုင်း ရွှေပြည်သာ၊ လှိုင်သာယာနဲ့ မရမ်းကုန်းမြို့နယ်တွေမှာ ဇူလိုင် ၁၅ ရက်မနက်ပိုင်းကနေ ညနေပိုင်းအထိ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ရာ အနည်းဆုံး တယောက် သေဆုံးပြီး လေး ယောက် ဒဏ်ရာရခဲ့တယ်လို့ အဆိုပါမြို့နယ်​ဒေသခံတွေက ပြောပါတယ်။

ရွှေပြည်သာမြို့နယ် ၈ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မနေ့ညနေ ၃ နာရီခွဲလောက်က ဆိုင်ကယ်စီးလာတဲ့ အမည်မသိအမျိုးသားနှစ်ယောက်က လက်လုပ်ဗုံးနဲ့ပစ်ခဲ့လို့ လေးဦးဒဏ်ရာရရှိခဲ့တယ်လို့  ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

"ရုံးမှာလူအစုံရှိနေတဲ့အချိန် ညနေဘက်ဆိုတော့ ဧည့်စာရင်းပေးတဲ့အချိန် ရာအိမ်မှူး ဆယ်အိမ်မှူး ထိတာပေါ့"လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့်  ရာအိမ်မှူးနှစ်ယောက် ၊ ဆယ်အိမ်မှူးတယောက်နဲ့ ရပ်ကွက်စာရေးတို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ရုံးစာရေးကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်။ ကျန်တဲ့သုံးဦးက မစိုးရိမ်ရဘူး ဆေးရုံကိုပို့ထားတယ်"လို့ ပြောပါတယ်။

အလားတူပင်  မနေ့ ညနေ ၄ နာရီကလည်း လှိုင်သာယာမြို့နယ်တရားရုံးရှေ့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

ဒါ့အပြင် မနေ့ညနေ ၃ နာရီကလည်း  စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက် ဗဟိုလမ်းမှာရှိတဲ့ မြို့နယ်တရားရုံးထွက်ပေါက်အနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ် ဗုံးနှစ်လုံးကို တွေ့ရှိခဲ့လို့ စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းရတယ်လို့လည်း ရှင်းပြပါတယ်။

မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ၂ ရပ်ကွက် စွယ်စုံ မီးပွိုင့်အနီးမှာလည်း မနေ့မနက်ပိုင်းက ရာအိမ်မှူး ဦးခင်မောင်လတ်ဆိုသူကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ကျည်ထိမှန်ဒဏ်ရာ သုံးချက်နဲ့ သေဆုံးခဲ့ရတယ် ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှုဖြစ်စဥ်တွေမှာ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်ကလည်း စမ်းချောင်းမြို့နယ်မြေနီကုန်းတံတားအောက်နဲ့ လှိုင်သာယာမြို့နယ်ပန်းခြံမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့လို့  တဦးသေဆုံးပြီး ဆယ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024