Home
မြန်မာသတင်း
ရေစကြိုတွင် PDF ရဲဘော်တဦးနှင့်စိတ်ကျန်းမာရေးမကောင်းသူတဦး မီးရှို့အသတ်ခံရ
DVB
·
July 13, 2022

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောရွာမှာ ဇူလိုင် ၉ ရက်က မီးရှို့ခံထားရသူနှစ်ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ပြီး အသတ်ခံထားရသူတွေက PDF ရဲဘော်တယောက်နဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ ရွာသားတယောက် ဖြစ်တယ်လို့ Yesagyo Revolution Group တာဝန်ရှိသူတယောက်က ပြောပါတယ်။

သဲတောရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တပ်စွဲနေတာကို မသိတဲ့ ရပ်ရွာကာကွယ်ရေး PDF ရဲဘော်တ‌ယောက် ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားလာချိန်မှာ ပစ်ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

PDF ရဲဘော် ပစ်ခတ်ခံရပြီး ဆိုင်ကယ်လဲသွားချိန်မှာ အသင့်ပါလာတဲ့ လက်ပစ်မိုင်း ၃ လုံးကို အသေခံဖောက်ခွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ယောက်လောက် ထိမှန်သွားတယ်လို့ ပြောပါတယ်။

Yesagyo Revolution Group မှ တာဝန်ရှိသူတယောက်က “အလောင်းကိုတွေ့ရတာတော့ သုံးရက်လောက်ရှိပြီ။ ရဲဘော်လေး ထွက်သွားတာကိုသိတယ်။ သတင်းစီးဆင်းမှု နောက်ကျတော့ အချိန်မီ မတားလိုက်နိုင်တာဗျ။ ဆိုင်ကယ်တစီးနဲ့ မီးရှို့ထားတာကို တွေ့ရတာပါ။ ပြာနဲ့အရိုးပဲ ကျန်တော့တာ” လို့ ပြောပါတယ်။

သဲတောရွာဘုန်းကြီးကျောင်း မြောက်ဘက်က သဲချောင်းထဲမှာ စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ ပြည်သူတယောက်နဲ့ PDF ရဲဘော်တယောက် မီးရှို့သတ်ဖြတ်ခံရတာကို ရပ်ရွာကာကွယ်ရေး ခေါင်းဆောင်တွေက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ရေစ​ကြိုမြို့နယ်နဲ့ မြိုင်မြို့နယ် နယ်နိမိတ်ကြားကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၈ ရက်မှာ စစ်ကြောင်းထိုး ပြန်လာပြီးနောက် ညနေ ၆ နာရီဝန်းကျင်က သဲတောရွာဘုန်း​ကြီးကျောင်းထဲမှာ ယာယီတပ်စွဲခဲ့တယ်လို့ ပြောပါတယ်။

မကွေးတိုင်း၊ ရေစကြို၊ ပခုက္ကူနဲ့ မြိုင်နယ်တွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဇူလိုင် ၈ ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၅ ယောက် သေဆုံးခဲ့တယ်လို့ Urban Underground Revolution Force ရေစ​ကြိုက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024