Home
မြန်မာသတင်း
ရှမ်းနီတပ်သားများ၏ ပြည်သူအပေါ် အဓမ္မလုပ်ရပ်များတားဆီးပေးရန် SNA ခေါင်းဆောင်များကို တိုက်တွန်း
DVB
·
July 11, 2022

ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)ခေါင်းဆောင်တွေအနေနဲ့  ရှမ်းနီတပ်သားတွေရဲ့ ဒေသခံပြည်သူတွေအပေါ် အဓမ္မလုပ်ရပ်တွေအပေါ်အချိန်မီ ထိန်းသိမ်းပေးကြဖို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၁၁ ရက် ဒီနေ့ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ဇူလိုင် ၈ ရက်နေ့က ဟုမ္မလင်းမြို့နယ်၊ နောင်ခမ်းကျေးရွာနားမှာ HPDF 124 တပ်သားတွေဖြစ်တဲ့ ကိုပီလုံးနဲ့ ကိုပါကြီးတို့ကို SNA တပ်သားတွေနဲ့ စစ်ကောင်စီလက်အောက်ခံ စရဖအဖွဲ့တို့က ပူးပေါင်းဖမ်းဆီးခဲ့သလို ဧပြီလတုန်းကလည်း HPDF ရဲ့ ထောက်/ပို့ တပ်သား ကိုမင်းအောင်ကို စစ်ကောင်စီတပ်သားတွေနဲ့ SNAတပ်သားတွေ ပူးပေါင်းဖမ်းဆီး သတ်ဖြတ်တာ၊ တော်စီကျေးရွာနေ အရပ်သား ကိုမောင်ကြိုင်ကို အပြစ်မရှိဘဲ SNA တပ်သားတွေက သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

SNA က ကားသွားလာရာမှာလည်း တိုင်းရင်းသား ပြည်သူတွေက အမြဲလိုလို ရှောင်ကွင်းသွားရပြီး လမ်းကျဉ်း၊ လမ်းကြပ်နဲ့ ကြုံတဲ့အခါ ကားပေါ်က ဆင်ပြီး ပြည်သူတွေကို ပါးရိုက်တာ၊ သေနတ်နဲ့ချိန်ပြီး လမ်းရှင်းတာ၊ ရှမ်းနီဒေသခံ တိုင်းရင်းသား အများစုနေထိုင်တဲ့ ကျေးရွာတချို့ကို မီးရှို့မယ်လို့ ကြိမ်းဝါးတာ၊ စာသင်ကျောင်းတွေမှာ တပ်စွဲပြီး အနီးဝန်းကျင်ကို သေနတ်ချိန် ခြိမ်းခြောက်တာ၊ စာသင်ကျောင်းထဲမှာ ပြည်သူလူထုထိခိုက်စေတဲ့ တိုက်ခိုက်ရေး ပစ္စည်းတွေထောင်ပြီး ဗုံးခွဲခြိမ်းခြောက်တာ စတာတွေ ကျူးလွန်နေတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကို တိုင်ကြားလာကြတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စတွေကို SNAအကြီးအကဲတွေက မသိကျိုးကျွန်ပြု ဖုံးဖိထားပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးမယူဘဲ လုပ်ပိုင်ခွင့် အပြည့်အဝ ပေးနေတာကိုလည်း စိတ်မကောင်းဖွယ်ရာ မြင်တွေ့ ကြားသိနေရတယ်လို့ ဆိုပါတယ်။ 

ဒီလုပ်ရပ်တွေဟာ ဟုမ္မလင်း မြို့နယ်ထဲက တိုင်းရင်းသား ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ရာရောက်သလို အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာရှင်ဆန်တဲ့ ဖက်ဆစ် လုပ်ရပ်တွေနဲ့လည်း ထပ်တူကျနေပြီး SNA ရဲ့ လုပ်ငန်းရည်မှန်းချက်ဖြစ်တဲ့  “ရှမ်းနီဒေသခံ ပြည်သူလူထုအပေါ် လက်နက်ကိုင် အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှုတွေကို ကာကွယ်သွားမယ်” ဆိုတဲ့ ရည်မှန်းချက်နဲ့လည်း လုံးဝ ဆန့်ကျင်ပြီး ကိုယ်တိုင် လက်နက်အားကိုးပြီး ပြည်သူကို အနိုင်ကျင့် ဗိုလ်ကျစိုးမိုးသလိုဖြစ်နေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အနေနဲ့တော့ SNA ကို ဒေသခံပြည်သူတွေအကျိုးအတွက် ဆောင်ရွက်မယ့် အဖွဲ့အဖြစ် ရှုမြင်ပြီး ရည်မှန်းချက်တူတဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်တာကို လိုလားတာကြောင့် မိတ်ဆွေ မဟာမိတ်အဖြစ် အရေးပေးဆက်ဆံခဲ့သလို ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့  လမ်းညွှန်ချက်ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပူးတွဲ ညှိနှိုင်း ဆောင်ရွက်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေက တလေးတစား ပြောဆိုဆက်ဆံခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ SNA ဟာ ဒေသခံပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျတဲ့ အပြင် ပြည်သူ့ကာကွယ်ရေးတပ်သားတွေကိုလည်း စစ်ကောင်စီနဲ့ ပူးပေါင်းဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် SNA ရဲ့ အဲဒီလို တရားမဲ့ပြုကျင့်တာတွေ၊ အနိုင်ကျင့်တာတွေနဲ့ လက်နက်နဲ့ ရမ်းကားတာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

ရှေ့ဆက်ပြီးတော့လည်း ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားတွေနဲ့အညီ ရပ်တည်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ်မှာ စစ်ကောင်စီ အလိုကျ ပြုမူဆက်ဆံတာတွေမလုပ်ဖို့လည်း သဘောထား ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)ရဲ့ ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်အနေနဲ့လည်း SNAတပ်သားတွေရဲ့ အဓမ္မ လုပ်ဆောင်တာတွေအပေါ် အချိန်မီ ထိန်းသိမ်းကြဖို့ တိုက်တွန်းလိုက်သလို တရားမျှတမှုကို လိုလားတဲ့ ရှမ်းနီအရပ်ဖက် အဖွဲ့အစည်းတွေအနေနဲ့လည်း အဲဒီလုပ်ရပ်တွေကို ကန့်ကွက်ပြီး ဓမ္မဘက်တော်သားတွေအဖြစ် ရပ်တည်ကြတဲ့ ရှမ်းနီတိုင်းရင်းသားပြည်သူအများစုရဲ့ မျက်နှာကို ထောက်ထားကာ SNA ရဲ့ လုပ်ရပ်တွေကို အချိန်မီတားဆီးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

Photo- SNA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024