Home
မြန်မာသတင်း
မော်လူး‌ဒေသ၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ဖမ်းဆီး
DVB
·
July 11, 2022

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကသာခရိုင် အင်းတော်မြို့နယ် မော်လူးမြို့ဒေသမှာ ဇူလိုင် ၉ ရက်ညက မူးယစ်ဆေးဝါး ၂၇ သိန်းဖိုးခန့်နဲ့ ရောင်းဝယ် သုံးစွဲသူတွေကို PDF နဲ့ (ပကဖ) ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်ပါတယ်။

Indaw Revolution-IR အဖွဲ့ တာဝန်ရှိသူက “အရင်က ကျနော်တို့ ပွဲတွေမရှိသေးလို့ မူးယစ်ဆေးကြီးပဲ လိုက်ဖမ်းနေတာဆိုတော့ အကြိမ်ရေတော့ မနည်းတော့ဘူးဗျ။ မူးယစ်ဆေးနဲ့ ပတ်သက်ရင် အရင်ကလို ပေါ်ပေါ်ထင်ထင်ကြီး မရှိတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မူးယစ်ဆေးဝါး ရောင်းချ ဝယ်ယူ သုံးစွဲသူတွေကို မကြာခဏဖမ်းဆီးနေတာကြောင့် အခု အရင်ကလောက် မူးယစ်ဆေးဝါး မပေါများတော့ဘဲ အနည်းအငယ်သာရှိတော့တယ်လို့ ဆိုပါတယ်။

“ဒီဘက်ဒေသက မူးယစ်ဆေးဝါး ရောင်းသူ သုံးစွဲသူ အရင်ကတအားပေါတယ်၊ အခု ရှိတော့ ရှိသေးတယ်၊ အရင်လို မပေါတော့ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဒေသတွင်း ကာကွယ်ရေးတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး ရောင်းဝယ်သူတွေကို အထူးသတိပေးဆုံးမကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

နောက်နောင် မူးယစ်ဆေးရောင်းသူ၊ဝယ်သူတွေကို ရှောင်တခင်ဝင်ရောက်ရှာ‌ဖွေဖမ်းဆီးပြီး ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ IR အဖွဲ့က ထပ်မံဖြည့်စွက်ပြောဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024