Home
မြန်မာသတင်း
ရေစကြိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၅ ဦးသေဆုံး၊ ဆော-ဆိပ်ဖြူလမ်းပိုင်း အသုံးမပြုရန် ဆော PDF ထုတ်ပြန်
DVB
·
July 10, 2022

မကွေးတိုင်း ရေစကြို၊ပခုက္ကူနဲ့ မြိုင်မြို့နယ်တွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ Urban Undergraund Revolution Force( ရေစကြို) က ဇူလိုင် ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်အစပ်က ကြံစိမ့်လေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၈ ရက်နေ့ မနက် ၁၀ နာရီလောက်က ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထန်းပင်ချောင်းရွာ အရှေ့ဘက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ UURF(ရေစကြို)ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်Kချစ်က ဒီဗွီဘီ ကို ပြောပါတယ်။

“နှစ်ဘက်ထိတွေ့တိုက်ပွဲကတော့ တနာရီလောက်ကြအောင်ဖြစ်ပွားခဲ့တာဗျ။ ကျနော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ၂ ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြတာ။ သူတို့ဘက်က အထိနာပြီး စစ်ကူတွေ အင်အားထပ်ဖြည့်လာလို့ ယာယီဆုတ်ခွာပေးလိုက်ရတယ်။”

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကို UURF (ရေစကြို)၊ ရေစကြိုတောင်ပိုင်း PDF၊ ရွှေညာမြေ PDF၊ YRG၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊Young Force UG၊ သခင်မြလက်နက်ကြီးတပ်ဖွဲ့၊ Black Cobra တပ်ဖွဲ့နဲ့ ကျောက်ထု-PDF တပ်ရင်း (၂)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီကို အမြစ်ပြတ်ခြေမှုန်းနိုင်ဖို့ လက်နက်ခဲယမ်း လိုအပ်နေပြီး ပြည်သူတွေ တတ်နိုင်သရွေ့ ထောက်ပံ့ပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တောင်းဆိုထားပါတယ်။

ဆောမြိုနယ်မှာလည်း စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် ဆော-ဆိပ်ဖြူလမ်းပိုင်းကို အသုံးမပြုဖို့  ဆော PDF က ဇူလိုင် ၉ ရက်ညက ထုတ်ပြန်‌ကြေညာပါတယ်။

"ဆော-ဆိပ်ဖြူ လမ်းကို သူတို့ မျက်စောင်းထိုးနေတာကြာပြီ။  တောတောင်အနေထားကြောင့် သူတို့ ထိုးစစ်မဆင်နိုင်တာပါ။ လေကြောင်းကို အထူးဂရုစိုက်ကြပါ။  ကာကွယ်ရေးသမားများ အားလုံးဘေးကင်းကြပါစေ။  အောင်ပွဲများစွာလည်း ဆွတ်ခူးနိုင်ကြပါစေ" လို့ ချင်းပြည်နယ်ဒေသခံ တဦးက ပြောပါတယ်။

ဇူလိုင် ၇ ရက်က ဆိပ်ဖြူမြို့နယ်၊ ကံဇွန်းမကျေးရွာအနောက်ဘက် ကံဇွန်းမနဲ့ ဖလံမကြား  ဆော-ဆိပ်ဖြူလမ်းပိုင်းမိုင်တိုင်အမှတ် ၃၄/၃၅မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က မိုင်း ၃ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကြီးတဦးအပါအဝင်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၇ ရက်က စစ်ကောင်စီတပ်တွေ အထိနာခဲ့ပြီး ဇူလိုင် ၉ ရက်ကစတင်ကာ စစ်ကြောင်း ၃ ကြောင်းခွဲထိုးစစ်ဆင်နေတာကြောင့် ဆော-ဆိပ်ဖြူလမ်းပိုင်းကို မလိုအပ်ဘဲ မသွားဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024