Home
မြန်မာသတင်း
ရေစကြို ရေလယ်ကျွန်းတွင် စစ်ကောင်စီတပ်၏ဘေးရန်ကြောင့် ပြည်သူများ စက်လှေဖြင့် ထွက်ပြေးနေရ
DVB
·
July 7, 2022

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာတွေမှာ မြစ်ရေတက်လာချိန် စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးနေတာကြောင့် ရွာသားတွေ စက်လှေတွေနဲ့ ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင် ဒေသခံတွေက ပြောပါတယ်။

ရေလယ်ကျွန်းကျေးရွာ ဒေသခံတဦးက “ရေကြီးချိန်ဆိုတော့ မော်တော်တွေနဲ့ ပြေးကြ ရှောင်ကြရတာပေါ့။ ရေကများတော့နေပြီ ‌မြစ်ချောင်းတွေမှာ၊ ရွာတွေပေါ်လည်း ရောက်တဲ့နေရာ ရောက်ပေါ့။ ဒါတောင် ရေက သိပ်မများသေးဘူး။ ရေတအားများချိန်ဆို ဆိုင်ကယ်၊ စက်ဘီး၊ လှည်းက ဘာမှလုပ်မရတော့ဘူးလေ။ မော်တော်တွေ စက်လှေတွေပဲ အားကိုးရတာ” လို့ ပြောပါတယ်။

ဇူလိုင် ၆ ရက်မှာ စစ်ကောင်စီတပ်က ရေစကြိုနဲ့ မြောင်မြို့နယ်အစပ်ကြားက ကျေးရွာတွေကို လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ စက်လှေနဲ့ ထွက်ပြေးကြရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “လေယာဉ်နဲ့ကြဲတော့ ပြေးကြလွှားကြရတာ စက်လှေသံတွေ ဆူလို့၊ ပြေးမယ်ဆိုရင်တော့ ကမ်းပါးထွက်ပြီး မော်တော်နဲ့ပြေးရုံပေါ့။ အရင်က ကြားချောင်းတွေ မြောင်းတွေထဲ ရေမရောက်သေးတာ ဆိုင်ကယ်နဲ့ လှည်းနဲ့ ပြေးရုံပဲ။ ခုက တရွာနဲ့တရွာကြား ချောင်းပေါက်လေးတွေ ရှိတယ်လေ။ အဲ့မှာ ရေတွေပြည့်နေတာပေါ့။ တချို့ရွာတွေကျ ကမ်းစပ်နဲ့နီးတော့ ပိုဆိုးတာပေါ့၊ ကျောက်ပျဉ်ကြီးလို ဖြစ်နေတာ” လို့ ပြောပါတယ်။

စစ်ဘေးတိမ်းရှောင်ရချိန်မှာ အရင်က ကုန်းမြေများတာကြောင့် ပုန်းရှောင်ရာမှာ လျှင်မြန်လွယ်ကူပေမဲ့ အခုအချိန်မှာ မြစ်ရေတက်ချိန်ဖြစ်တာကြောင့် ပုန်းရှောင်ရ ခက်ခဲလာပြီး အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ခေါ်ဆောင်ထွက်ပြေးကြရာမှာ ခက်ခဲတယ်လို့ သိရပါတယ်။

ရေလယ်ကျွန်းကျေးရွာ ဒေသခံတဦးက “အတော်ခက်ခဲတယ် ရေများချိန်က၊ တခြားဘက်တွေက ကားရှိရင် အဆင်ပြေတယ်။ အညာဘက်တွေကျ ခုချိန် စက်လှေတွေ ပိုလိုတာပေါ့။ ခုက ရေကများတယ်တော့ ပြောမရသေးဘူး။ ရေများပြီဆို တကျွန်းလုံး ဖြူဖွေး‌လို့၊ တကယ်ရေများလာရင် အိမ်အပေါ်ထပ်ပဲ နေကြရတာ။ အခုလိုအခြေအနေက အာဏာသိမ်းမှ ကြုံရတာဆိုတော့ စောင့်ကြည့်ရမှာပဲ။ ရေတကယ်များချိန်ကျ (--)တွေ လာမလာလည်း မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်က ကျွန်းထဲကျေးရွာတွေဟာ မြောင်မြို့နယ်နဲ့ ဆက်စပ်နေတာဖြစ်ပြီး ကျွန်းထဲကျေးရွာအားလုံးဟာ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ် အကြားမှာ ရှိတာဖြစ်ပါတယ်။ အဆိုပါ ရေလယ်ကျွန်းဒေသမှာ ချောင်းပေါက်ပေါင်း ရာနဲ့ချီရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024