ယူကရိန်း စွမ်းအားမြင့်ဒုံးပစ်လောင်ချာ ၂ စင်းကို ဖျက်ဆီးခဲ့ဟု ရုရှားပြော

ရုရှားစစ်တပ်ဟာ ယူကရိန်းနိုင်ငံမှ စွမ်းအားမြင့် မျိုးစုံပစ် ဒုံးလက်နက်ဖြစ်တဲ့ အမေရိကန်လုပ် HIMARS ဒုံးပစ်လောင်ချာနှစ်စင်းကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီဂေါ ကိုနာရှန်ကို့ဗ်က ဇူလိုင် ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒွန်နက်စ်ခ် ပြည်သူ့သမ္မတနိုင်ငံရှိ မာလို တာရာ နိုဗ်ကာ အနီးမှာ အမေရိကန်လုပ် HIMARS နဲ့ လက်နက်ရုံ ၂ ရုံကိုလည်း ဖျက်ဆီးပစ်ခဲ့ကြောင်း ကိုနာရှန်ကို့ဗ်က ပြောကြားခဲ့ပါတယ်။

နီကိုလေ့ဗ်ဒေသမှာ ရုရှားနိုင်ငံက ပစ်မှတ်တိကျ လက်နက်တွေဟာ နိုင်ငံခြားတပ်တွေ ယာယီတပ်စွဲထားတဲ့နေရာနဲ့ တခြား စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို ဖျက်ဆီးပစ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဒါ့အပြင် ရုရှားလေကြောင်းတပ်ဖွဲ့တွေဟာ ကွပ်ကဲမှုစခန်း ၆ ခု၊ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်သိုလှောင်ရုံ ၆ ခုနဲ့ ယူကရိန်းတပ်ဖွဲ့ လူအင်အားနဲ့ စစ်လက်နက်ပစ္စည်းတွေ စုစည်းထားရာ နေရာ ၂၇ ခုကို ဖျက်ဆီးခဲ့ကြောင်း ကိုနာရှန်ကို့ဗ်က ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံထုတ် Su-35 တိုက်လေယာဉ်တစင်းဟာ လေကြောင်းတိုက်ပွဲတခုမှာ ယူကရိန်းလေတပ်ရဲ့ ရဟတ်ယာဉ် ၂ စင်းနဲ့ Su-25 လေယာဉ်တစင်းတို့ကို ပစ်ချခဲ့ပါတယ်။ ဒါ့အပြင် ရုရှားလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ယူကရိန်းလေတပ်ရဲ့ ရဟတ်ယာဉ်တစင်းနဲ့ ဒရုန်း ၁၁ စီးတို့ကို ပစ်ချခဲ့ကြောင်း ကိုနာရှန်ကို့ဗ်ရဲ့ အဆိုအရ သိရပါတယ်။

ယူကရိန်းမီဒီယာ ယူကရေ အင်စ်ကာ ပရာ့ဗ်ဒါက ဇူလိုင် ၆ ရက်မှာ ဖော်ပြခဲ့တာမှာတော့ ယူကရိန်းစစ်တပ်ဟာ ရုရှားဘက်က HIMARS ဒုံးပစ်လောင်ချာနှစ်စင်းနဲ့ ခဲယမ်းမီးကျောက် သိုလှောင်ရုံနှစ်ခုကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်ကို ပယ်ချခဲ့ပါတယ်။

အမေရိကန်ရဲ့ HIMARS ဒုံးပစ်စနစ်ဟာ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဗျူဟာမြောက် တည်နေရာတွေကို အဆက်မပြတ် တိုက်ခိုက်နေတာကြောင့် ရုရှား စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ လူအင်အားဆုံးရှုံးမှု ပိုများလာကြောင်း ယူကရိန်းတပ်ဖွဲ့တွေက ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်ဦးစီးချုပ်က ဇူလိုင် ၆ ရက်မှာ ပြောကြားခဲ့ရာမှာ ယူကရိန်းစစ်တပ်ဟာ စလေ့ဗ်ယန့်စ်ခ် လမ်းကြောင်းနဲ့ ခရာမာတော့စ်ခ် လမ်းကြောင်းတို့မှာ ရုရှားထိုးစစ်ကို ချေမှုန်းခဲ့ပြီး ယူကရိန်းစစ်သားတွေဟာ ရုရှားစစ်တပ်အပေါ် သိသိသာသာ အနိုင်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လက်ရှိမှာ ယူကရိန်းတပ်ဖွဲ့တွေဟာ တောင်ပိုင်းမှာ အထူးသဖြင့် ခါဆွန်ဒေသနဲ့ ဇာပေါ်ရစ်ဇ်ဟီယာ ဒေသတို့မှာ နည်းဗျူဟာလမ်းကြောင်းတွေနဲ့ ချီတက်နေကြောင်း ဗွီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းဟာ သူ့ရဲ့မြေကို လက်လွှတ်မှာမဟုတ်ကြောင်းနဲ့ ယူကရိန်းရဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေတခုလုံးဟာ ယူကရိန်းနိုင်ငံပဲလို့လည်း သူက ပြောသွားပါတယ်။

//
More News
Up