မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇ လမ်းနဲ့ ၂၈ လမ်းရှိ မြန်မာ့မီးရထားရိပ်သာ ရုံးဝန်းအတွင်း ဇူလိုင် ၇ ရက် မနက် ၁၀ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
မြန်မာ့မီးရထားရိပ်သာ အဝင်အထွက်ဂိတ်ပေါက်မှာ အမည်မသိ အမျိုးသားလေးယောက်က ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာကာ သေနတ်နဲ့ပစ်ပြီး လက်ဗစ်ဗုံးနဲ့ ထုသွားတာလို့ သိရပါတယ်။
“သေနတ်ပစ်သံ အရင်ကြားရတာ၊ အပြန်အလှန်ပစ်တာလား ဆိုတာတော့ မသိဘူး။ ပြီးတော့ ဗုံးကွဲသံကြားတယ်။ ရဲတယောက်ထိတယ်လို့တော့ သိရတယ်။ တခြားတော့ မသိရဘူး” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတဦးက ပြောပါတယ်။
ဗုံးနဲ့ထုခံရတာကြောင့် တာဝန်ကျ ရဲဒုတပ်ကြပ် ဗိုလ်လှိုင်ဆိုသူ ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး ရဲတပ်သား ထွန်းမင်းဇော်ရဲ့ ဘေးလွယ်အိတ်အတွင်း ထည့်ထားတဲ့ ၉ မမကျည် ၈၅ တောင့်၊ ကျည်ဘောက် ၁ ခု၊ ဖုန်း ၁ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒါ့အပြင် မီးရထားစက်ခေါင်းရုံးမှ စက်ပြင်လုပ်သားတယောက်နဲ့ အနီးနားရှိ ပြည်သူတယောက်လည်း မစိုးရိမ်ရတဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။