မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ အိန္ဒိယနိုင်ငံသားနှစ်ယောက် သတ်ဖြတ်ခံရပြီးနောက် နှစ်နိုင်ငံနယ်စပ်ကနေ ပြည်သူတွေအသွားအလာကို အပြန်အလှန်ပိတ်ပင်လိုက်တဲ့အတွက် နယ်စပ်စီးပွားရေးလုပ်ကိုင်နေသူတွေ အခက်အခဲ ဖြစ်နေတယ်လို့ တမူးဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အိန္ဒိယနိုင်ငံသား တမီးလ်အမျိုးသား နှစ်ယောက်ဟာ ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက တမူးမြို့နယ်မှာ ပျူစောထီးတွေရဲ့ ပစ်သတ်ခံရပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ထဲက ခရိုင်အုပ်ချုပ်ရေးမှူးက အရေးပေါ်အမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အရေးကြီးကိစ္စမရှိဘဲ အိန္ဒိယပြည်သူတွေ မြန်မာပြည်ကို သွားလာခြင်းမပြုဖို့နဲ့ သွားလာမယ်ဆိုရင် သက်ဆိုင်ရာ ခွင့်ပြုမိန့်ယူပြီးမှသာ သွားလာဖို့နဲ့ မြန်မာပြည်ဘက်ကလည်း ခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာခွင့် ပြုတော့မှာမဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အိန္ဒိယနယ်စပ်ကို ဈေးသွားရောင်းချတဲ့ တမူးဒေသခံတဦးက “တမူးနယ်စပ်က တခြားနယ်စပ်တွေလို ဖွံ့ဖြိုးမှုသိပ်မရှိဘူး။ မြန်မာဘက်ခြမ်းကနေ ဟိုဘက်ကို ဈေးသွားရောင်းကြတယ်။ ကယ်ရီသမားတွေလည်း ထိခိုက်တာပေါ့ဗျာ၊ မနေ့ကဆို မြန်မာနိုင်ငံသားတွေ ရိုက်ထုတ်ခံရတယ်။ ဈေးလာရောင်းတဲ့သူတွေကို ဈေးဆိုင်တွေ ပိတ်ခိုင်းတယ်၊ လာမရောင်းခိုင်းတော့ဘူး” လို့ ပြောပါတယ်။
နောက်ပြီး မြန်မာနိုင်ငံဘက်က CDM ပြုလုပ်ပြီး အိန္ဒိယနိုင်ငံဘက် သွားခိုလှုံနေကြတဲ့သူတွေနဲ့ တခြာအရပ်သားပြည်သူတွေ ကို အိန္ဒိယဘက်က ပြန်လွှတ်မှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
အိန္ဒိယသတင်းမှာတော့ တမီးလ်လူငယ်နှစ်ယောက်ကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
တမူးမြို့ဟာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မျဉ်းဘေးမှာ တည်ရှိလို့ အိန္ဒိယနိုင်ငံသားနှစ်ယောက် အခုလိုအသတ်ခံရတဲ့ကိစ္စကြောင့် လုံခြုံရေးတင်းကျပ်ပြီး အဝင်အထွက် ကန့်သတ်လိုက်တာကြောင့် ဒေသခံတွေ စီးပွားရေးထိခိုက်လာမှာ စိုးရိမ်နေကြပါတယ်။