စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နဲ့ ကသာမြို့နယ်အပိုင် မန္တလေး-ဗန်းမော် ကားလမ်းပေါ်ကို ဇူလိုင် ၆ ရက်ကနေ ၁၂ ရက်အထိ တပတ်အတွင်း ည ၇ နာရီခွဲမှ မနက် ၄ နာရီအထိ မည်သည့်ကားအမျိုးအစားမဆို ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြဖို့ Tigyaing Revolution -TR က ဇူလိုင် ၆ ရက်မှာ ထုတ်ပြန်သတိပေးထားပါတယ်။
Tigyaing Revolution - TR သတင်းပြန်ကြားရေးတာဝန်ခံက “လမ်းပိုင်း ပိတ်ထားတာက အဲ့ရှေ့နားမှာ စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့ ထိပ်တိုက် တိုက်ပွဲတွေ ဖြစ်နိုင်လို့ ပိတ်ထားတာပေါ့လေ။ တနေ့ကလည်း တိုက်ပွဲဖြစ်သေးတယ် အဲ့မှာ။ အဲ့ဒါကြောင့်မို့လို့ သူတို့ ထိခိုက်ဒဏ်ရာရထားတာတွေကို အရပ်သားကားတွေနဲ့ ခိုးသယ်မှာကြောင့် ပိတ်ခိုင်းထားတာ။ ကားတွေနဲ့ ခိုးသယ်မှာစိုးလို့ ညအချိန်လွန်သွားရင် မတင်အောင်လို့ လမ်းတွေပိတ်ခိုင်းထားတယ်” လို့ ပြောပါတယ်။
မလိုက်နာလို့ ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို လုံးဝ တာဝန်မယူဘူးလို့ Tigyaing Revolution - TR က ဆိုပါတယ်။