နေပြည်တော်ကောင်စီနယ်မြေထဲက စစ်ကောင်စီဖွင့်လှစ်ထားတဲ့ အခြေခံပညာ အထက်တန်းကျောင်းတချို့မှာ ကျောင်းသားအချင်းချင်း အုပ်စုဖွဲ့ ရန်ဖြစ်ပွားပြီး လူသေဆုံးတဲ့အထိ ရှိလာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇူလိုင် ၁ ရက်က ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားရွာထဲက အ.ထ.က (၁၉) ကျောင်းမှာ ကျောင်းသားချင်း အုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ရာမှာ ကျောင်းသား တယောက် ဝက်အူလှည့်နဲ့ ထိုးခံရလို့ သေဆုံးသွားခဲ့တာပါ။
ဒေသခံတဦးက “တယောက်တော့ သေသွားတယ်လို့ ကြားတယ်။ ဝက်အူလှည့်နဲ့ အထိုးခံရတာ။ သေသွားတာက ဒီရွာထဲက ကလေး။ ရွာထဲကလူတွေ ကျောင်းကိုဝိုင်းထားဝာာ ၁၀ နာရီကျော်မှ ဟိုကလေးတွေရော ကျန်တဲ့သူတွေရော အပြင်ထွက်လို့ရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဇူလိုင် ၅ ရက်နေ့ကလည်း ပျဉ်းမနား ကန်နား အလယ်တန်းကျောင်းမှာ ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ ကျောင်းသားကလေးငယ်တယောက် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
ပျဉ်းမနားမြို့ခံတဦးက “၅ ရက်နေ့ကဖြစ်တာ၊ အုပ်စုဖွဲ့ပြီး ဖြစ်ကြတာကနေ တယောက်တော့ ဆေးရုံတင်လိုက်ရတယ် ကြားတာပဲ၊ အခြေအနေတော့ သေချာမသိသေးဘူး” လို့ ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေဟာ စစ်ကောင်စီလက်အောက် အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံမှုမြင့်မားတဲ့ ဒေသဖြစ်ပြီး အခု ၂၀၂၂-၂၃ ပညာသင်နှစ်အတွင်း ကျောင်းအပ်နှံသူ စုစုပေါင်း ၃ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။