ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အာဂျင်တီးနား စစ်အရာရှိဟောင်း ၁၉ ဦးအား ထောင်ဒဏ်ချမှတ်

အာဂျင်တီးနားနိုင်ငံမှာ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်တွေအတွင်း မော်တော်ယာဥ် စက်ရုံလုပ်သားတွေကို ပြန်ပေးဆွဲတာ အပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ် အတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ဘက်အရာရှိဟောင်း ၁၉ ယောက်ကို တရားသူကြီးတယောက်က ဇူလိုင် ၆ ရက်မှာ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

မြို့တော် ဗျူးနော့အေးရီးစ်မှာရှိတဲ့ ပြည်ထောင်စုတရားရုံးက ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေထဲမှာ အဓမ္မပျောက်ဆုံးမှု၊ လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ကလေးသူငယ် ပြန်ပေးဆွဲမှု၊ နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ၁၉၇၆ ခုနှစ်ကနေ ၁၉၈၃ ခုနှစ်အကြား စစ်အာဏာရှင်လက်ထက်မှာ ကျူးလွန်ခံရသူ ၃၅၀ လောက်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ ပါပါတယ်။

တိကျတဲ့ကိန်းဂဏန်းတွေကို အဆုံးအဖြတ်ပေးရတာဟာ ငြင်းခုံရမယ့် ခေါင်းစဉ်တခုဖြစ်ပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အဆိုအရ အာဏာရှင်စနစ်ကြောင့် ပျောက်ကွယ်သွားသူပေါင်း သုံးသောင်းလောက် ရှိခဲ့ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အရင်က ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီး ဆန်တီယာဂို ရီဗာရို့စ်လည်း ပြစ်ဒဏ်ချမှတ်ခံရသူတွေထဲမှာ ပါခဲ့ပါတယ်။

ပြန်ပေးဆွဲမှု၊ မုဒိမ်းမှုနဲ့ လူသတ်မှု အပါအဝင် ရာဇဝတ်မှုပေါင်း တရာကျော်အတွက် အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် သူ့ကို ထောင်ဒဏ်တသက်တကျွန်းကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

၁၉၇၆ ခုနှစ်ကစပြီး ဗျူးနော့အေးရီးစ်မြို့တော် ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ မာစီးဒီး ဘန့်ဇ် စက်ရုံမှာ ကုမ္ပဏီအမှုဆောင်တွေရဲ့ ကျောထောက်နောက်ခံနဲ့ စစ်တပ်က အလုပ်သမားခုနစ်ယောက် ပြန်ပေးဆွဲခံခဲ့ရတဲ့ အမှုတွေအတွက်လည်း ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ပြန်ပေးဆွဲခံရတဲ့ အလုပ်သမားတွေဟာ သမဂ္ဂတွေ ဒါမှမဟုတ် အလုပ်သမားတွေကို စည်းရုံးဖို့ ကြိုးစားနေတယ်လို့ အမှုဆောင်အရာရှိတွေက စွဲချက်တင်ထားခဲ့ပါတယ်။

ပြန်ပေးဆွဲခံရတဲ့ အလုပ်သမားတွေကို လျှို့ဝှက်ချွေးတပ်စခန်းလို့ ကျော်ကြားတဲ့ ကမ်ပိုဒေမာယို စစ်တပ်ဝင်းထဲကို ခေါ်သွားခဲ့အပြီး သူတို့ထဲက ခြောက်ယောက် တရားဝင် ပျောက်ဆုံးနေဆဲပါ။

ဒီစခန်းထဲမှာ အကျဉ်းသား အယောက်ခြောက်ထောင်နီးပါး နေခဲ့ရပြီး အများစုက ပျောက်သွားပြီလို့ သတ်မှတ်ခံထားရပါတယ်။

//
More News
Up