ရွှေ့ပြောင်းနေထိုင်သူများကို ပစ်မှတ်ထားသည့် လူမှောင်ခိုကူးသူ ၃၉ ဦးကို ဥရောပရဲတပ်ဖွဲ့ ဖမ်းဆီး

ဥရောပငါးနိုင်ငံရှိ ရဲတပ်ဖွဲ့ဟာ ရွှေ့ပြောင်းနေထိုင်သူတွေအား ရေလက်ကြားဖြတ်ပြီး ဗြိတိန်ကို မှောင်ခိုပို့ဆောင်နေတဲ့ အီရတ်ကာ့ဒ်ဂိုဏ်းကို ပစ်မှတ်ထားလုပ်ဆောင်တဲ့ အဓိက နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးတခုမှာ လူ ၃၉ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အီးယူရဲ့ တရားဥပဒေစိုးမိုးရေးအေဂျင်စီ ယူရိုပိုလ်က ဇူလိုင် ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒီစစ်ဆင်ရေးမှာ ဗြိတိန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီနဲ့ နယ်သာလန်နိုင်ငံတို့မှ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ပါတယ်။

အဓိကသံသယရှိသူတွေထဲက တယောက်ဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် အီရန် ကာ့ဒ်အမျိုးသားတယောက်ကို တခြားငါးယောက်နဲ့အတူ ဗြိတိန်မှာ ဖမ်းဆီးခဲ့ပါတယ်။

ဂျာမနီမှာ လူ ၁၈ ယောက်ကို ဖမ်းဆီးခဲ့ပြီး ပြင်သစ်ရဲက ကိုးယောက်နဲ့ ဒတ်ခ်ျရဲက ခြောက်ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ဟာ အသက်ကယ်အင်္ကျီ ၁,၂၀၀ ကျော်၊ ရော်ဘာလှေ ၁၅၀ လောက်နဲ့ အင်ဂျင်စက်တပ်လှေ ၅၀ အပြင် ယူရိုငွေ ထောင်သောင်းမက များပြားတဲ့ ငွေသားတွေ၊ သေနတ်တွေနဲ့ မူးယစ်ဆေးဝါးတွေကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ယူရိုပိုလ်က ပြောပါတယ်။

ဒီကွန်ရက်ဟာ လွန်ခဲ့တဲ့ ၁ နှစ်ခွဲအတွင်း ဗြိတိန်ကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အယောက် တသောင်းလောက်ကို ခိုးသွင်းနိုင်ခဲ့ပြီး သူတို့ရဲ့ ရာဇဝတ်မှုကနေ ယူရို ၁၅ သန်းအထိ ဝင်ငွေရရှိခဲ့ကြောင်း ယူရိုပိုလ်က ပြောပါတယ်။

လှေငယ်တွေကို အသုံးပြုပြီး ရွှေ့ပြောင်းအခြေချသူတွေကို လွှဲပြောင်းပေးတဲ့ ဒီလို ရွှေ့ပြောင်း မှောင်ခိုသမားတွေကို ပစ်မှတ်ထားတဲ့ အကြီးမားဆုံး စစ်ဆင်ရေးလို့ ပြောလို့ရကြောင်း ယူရိုပိုလ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ton van Lierop က ရိုက်တာကို ပြောကြားခဲ့ပါတယ်။

ဒီဂိုဏ်းဟာ ပြင်သစ်ကနေ ဗြိတိန်ကို လှေငယ်တွေနဲ့ လူမှောင်ခိုကူးတဲ့ အလှုပ်ရှားဆုံး ရာဇဝတ်ဂိုဏ်းတွေထဲက တခုဖြစ်ကြောင်း ရဲအရာရှိတွေက ပြောပါတယ်။

//
More News
Up