အစိမ်းရောင် အင်တာဗျူး (သရော်စာ)

အဘစောမူးသာတို့ရွာမှာ အနေကြာပြီဖြစ်ပြီး တခါတလေ အနီးဝန်းကျင် မနီးမဝေးက အဘစောမူးသာတို့ မိတ်ဆွေတွေရဲ့ ရွာကလေးတွေကိုလည်း သူတို့ခေါ်ရင် ရောက်ဖူးတယ်ရှိအောင် လိုက်လိုက်သွားဖြစ်ပါတယ်။

ဒီနေ့လည်း အဘစောမူးသာ ပြောမနာဆိုမနာငယ်ပေါင်း စစ်ပြန်တပ်ကြပ်ကြီး အဘလုံးတုံးတို့ရွာကို လိုက်ခဲ့အုံးကွာလို့ ခေါ်တာနဲ့ လိုက်သွားဖြစ်ပါတယ်။

သိပ်မဝေး သိပ်မနီးတဲ့ ရွာကလေးဗျ။ အဲသည်ရွာကလည်း အဘစောမူးသာတို့ ရွာလိုပဲ ပြောပုံဆိုပုံ ဆက်ဆံပုံတွေက အတူတူလိုပဲ။ ကိုယ်ကြိုက်ရာအရောင် ကိုယ်ဝတ်ကြတယ်။ တဦးနဲ့တဦး မခံချင်အောင် စတာလည်း တူတယ်။ ရိကြတာ ထေ့ကြတာတွေလည်း တူတယ်။ ပြီးတော့ ဘယ်လိုပြောပြော စိတ်မဆိုးကြတဲ့နေရာမှာလည်း တူပ။

အဘစောမူးသာရယ် အဘရစ်ချတ်ရယ် အဘစိမ်းမောင်ရယ် အဘထွန်းခင်ရယ် လေရှီးက ဖေကြီးရယ် အတူတူသွားကြဖို့ဟာ လေဖြတ်ရာကနေ ပြန်ကောင်းခဲ့တဲ့ အဘထွန်းခင်က ဒီရက်ပိုင်း သိပ်သွားလို့လာလို့မကောင်းဘူး ဆိုတာနဲ့ သူ့အိမ်က ပေးမထည့်လို့ ကျန်ခဲ့ရရှာတယ်။

လမ်းကလည်း မြေနီလမ်းဆိုပေမဲ့ တချို့နေရာတွေမှာ ကျင်းတွေ ချိုင့်တွေ ဖြစ်နေလို့ ဂွန်ဒေါင်းနဲ့ လိုက်မောင်းပို့တဲ့ အဘစိမ်းမောင်သား စိမ်းကိုကိုတောင် မနည်းကြီး ထိန်းထိန်းမောင်းခဲ့ရတယ်။

ဟိုရောက်တော့ အဘလုံးတုံးက လူကြီးလေးယောက်ဖက်လောက်ရှိတဲ့ ရွာထိပ် မန်ကျည်းပင်အိုကြီးအောက်ကနေ ထွက်ပြီး ကြိုနေတယ်ခင်ဗျ။

“ဟေး . . . ‘လေယာဉ်ဒရိုင်ဘာ’ လုပ်မယ့် စိမ်းကိုကိုကြီး မောင်းလာတာပါလားဟ”

“အဘလုံးတုံး ကျနော့်ကို ‘သိမ်းကိုကို’ လို့ပဲ ခေါ်ပါဗျ”

“ဟားဟား ဟားဟား ဟားဟား . . . .ငါတို့က မင့်ကို ချစ်စနိုးနဲ့ ‘စိမ်းကိုကို’ လို့ ခေါ်တာပါဟ။ နောင်တချိန်ကျရင် နင်ပဲ ‘အစိမ်းရောင်’ ဝတ်မှာဆိုဟ”

“ဟားဟား ဟားဟား ဟားဟား . . .”

အဖေဖြစ်သူ အစိမ်းဥက္ကဋ္ဌ ဦးသိမ်းမောင်ကိုလည်း ‘စိမ်းမောင်’ လို့ပဲခေါ်ကြတာ။ သားဖြစ်တဲ့သူ သိမ်းကိုကိုလည်း မနေရပါဘူး၊ ‘စိမ်းကိုကို’ တွင်နေတာကြာပေါ့။

အဘလုံးတုံးအိမ်မှာ ဝက်ခြေထောက်တွေကို အမွေးလုံးဝစင်အောင်နှုတ်ပြီး အိနေအောင် စွတ်ပြုတ်လုပ်ထားတယ်။

ပုန်းရည်ကြီးကို ကြက်သွန်အဖြူ၊ အနီ၊ ငရုတ်သီးစိမ်းပါးပါးလှီးပြီး ဆီရွှဲရွှဲနဲ့သုပ်ထားတယ်။ ထမင်းမစားခင် ကြံအရက်မွှေးမွှေးလေးတွေကို အကြမ်းပန်းကန်လေးတွေနဲ့ ဂွပ်ကနဲ ဂွပ်ကနဲ မော့ချပြီး နောက်မှ ရေကိုသောက်ကြတယ်။

ထမင်းကလည်း မြိန်လိုက်တာ။ စစ်ပြန်တပ်ကြပ်ကြီး အဘလုံးတုံးရဲ့ ဟင်းချက်စကေးကလည်း အဘစောမူးသာနဲ့ နင်လားငါလားပဲ ခင်ဗျ။ ထမင်းဘာညာစားပြီးကြတော့ လက်ဖက်စားရင်း စကားဝိုင်းဖွဲ့ကြတာ တဝါးဝါး တဟားဟားပါ ခင်ဗျ။

“ဟိုဘက်ရက်ကသာ မင်းတို့လာရင် ဆိုဗီယက်ပြန် နွဲ့နွဲ့စမ်းရဲ့မြေး ‘ဆိုဗီယက်ပြန်မောင်မောင်’ နဲ့ မင်းတို့ ဆုံရမှာ . . . ဟားဟား ဟားဟား”

“ဟေ . . . ဟိုကောင် သိန်းမြသားလား၊ ဒီလိုအချိန်အခါမျိုးမှာ ပြန်လာရတယ်လို့”

“သူ့အမေ အသည်းအသန်ဖြစ်ခဲ့လို့ကွ”

“အေးကွာ . . .”

သည်ရွာက အဘသိန်းမြသား မောင်မောင် သူ့အမေ အသည်းအသန်ဖြစ်လို့ ခွင့်ယူပြီး အရောက်လာခဲ့ကြောင်း သိရ၏။ စကားအသွားအလာအရ ပြင်ဦးလွင်က စစ်တက္ကသိုလ်တခုမှာ နည်းပြဖြစ်နေကြောင်း သိရပါ၏။

“အမေဆိုတော့လည်း ခက်ခဲတဲ့ ခရီးလမ်းကြမ်းကြားကနေ အရဲစွန့်ပြီး ရောက်အောင်လာရတာပေါ့ကွာ”

“မင်းနဲ့ ဆုံလိုက်သေးလား လုံးတုံး”

“အေး . . . သူ့အမေ ပြန်သက်သာလာပြီးနောက် သူမပြန်ခင်ညမှာ ငါတို့ စကားဝိုင်းဖွဲ့ဖြစ်ကြတယ် ဆိုပါတော့”

“ဘာတွေ ထူးသေးလဲဟ”

“ဟိုအကြောင်းရှောင်ပြော သည်အကြောင်းရှောင်ပြောပေါ့ မူးသာရာ . . ဟားဟားဟား”

“မင်း ဘာတွေများ မေးဖြစ်လိုက်သေးလဲ”

“နည်းနည်းပါးပါးပေါ့ကွာ၊ သူ့စကားအသွားအလာနောက်ကိုလိုက်ပြီး ပြောရတာပေါ့”

မောင်မောင်သည် ရုရှားမှာ လေးငါးနှစ်ကြာ ပညာဆည်းပူးရန် အရွေးချယ်ခံရကြောင်း၊ ရုရှားမှ ပြန်လာပြီးနောက် သူတို့၏စစ်တပ်က တက္ကသိုလ်များမှာပဲ နည်းပြပြန်လုပ်ရကြောင်း သိရှိရပါ၏။

“ပြီးခဲ့တဲ့နှစ် စစ်တက္ကသိုလ်လျှောက်တဲ့သူ ဘယ်လောက်ပဲရှိခဲ့လဲဆိုတာတော့ သိခဲ့ရတယ်ဟ သူငယ်ချင်း ရစ်ချတ်ရ”

မအလတို့အဖွဲ့ အာဏာသိမ်းပြီးတဲ့ မနှစ်က တီဗွီကနေ စစ်တက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာတွေ ခေါ်ယူရာမှာ ပထမဖောင်ပိတ်ရက်မှာ ဇူလိုင်လကုန်နောက်ဆုံးဟု ကြေညာ၏။ ဇူလိုင်လကုန်တော့ တလထပ်တိုးကာ သြဂုတ်လကုန် နောက်ဆုံးဟု ကြေညာပြန်၏။ သို့ဖြင့် သြဂုတ်လကုန်တော့ စက်တင်ဘာလကုန်အထိ ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း တီဗွီကနေ ထပ်မံကာ ကြေညာခဲ့ပြန်ပါလေ၏။

အချိန်ကာလနှင့် အခြေအနေကို ခန့်မှန်းသုံးသပ်ကြည့်လျှင် မြင်နိုင်သည်ဟု အဘလုံးတုံးက ဆိုပါ၏။ ‘လျှောက်ထားသူ’ နည်းပါးလွန်းလှသည်ဆိုသည့်သတင်းမှာ အမှန်အကန်ဖြစ်သည်ဟု သုံးသပ်ကြပါ၏။

“အေးကွ . . မနှစ်က သင်တန်းသား စုစုပေါင်း တရာတောင်မှ မပြည့်ဘူးတဲ့ဟ”

“ဟေ . . . အဟုတ်လားဟ”

“တကယ်ကြီးကိုလား”

နိုင်ငံတော်တခုအတွက် အလွန်ကြီးမားသည့် ‘သင်ခန်းစာ’ ဖြစ်ခဲ့ပါလေ၏။ နိုင်ငံ့သမိုင်းနှင့်ကို ချီပါလေသည့် ‘Lesson’ ပါတကားဟု ဝိုင်းဝန်း သုံးသပ်ကြပါ၏။

“ပြည်သူ့တပ်မတော်” ကို “လူတစုတပ်မတော်” အဖြစ် ပုံသွင်းခဲ့လေသည့် အကျိုးဆက်အား ငွေရောင်ပိတ်ကားထက်တွင် မြင်ခဲ့ကြရပါလေတော့၏။

“အေး . . . ဟေ့ကောင်စိမ်းမောင် . . .မင့်သား ‘စိမ်းကိုကို’ လည်း ငယ်ငယ်ကတည်းက ကြီးလာရင် ဘာလုပ်မလဲမေးရင် ‘စစ်ဗိုလ်ကြီး’ လုပ်မယ်၊ ‘လေယာဉ်ပျံကြီးမောင်းမယ်’ လို့ပဲ ပြောနေကျ နော်”

‘အေးလေ . . . ဒီကောင်က ကစားစရာဝယ်ခိုင်းရင်လည်း ‘သေနတ်’ ပဲဟ”

“ငါ ဟိုတုန်းက တပ်ကခွင့်ရလို့ ရွာကိုပြန်လာရင် ဒီကောင် ငါ့ဆီလာလာပြီး အမေးအမြန်း သိပ်ထူခဲ့တာကွ။ ငါ့လက်မောင်းက ‘သုံးရစ်’ ကို စမ်းစမ်းကြည့်ပြီး ‘သားဆို ဟောသည်ပခုံးပေါ်မှာတပ်မှာ’ လို့ ပြောနေကျဟ”

“ဟားဟား ဟားဟား ဟားဟား . . .”

စိမ်းကိုကိုအကြောင်းကို စိမ်းကိုကိုရှေ့မှာတင် ပြောနေပေမဲ့ စိမ်းကိုကိုကား တုံဏှိဘာဝေ ငြိမ်သက်တိတ်ဆိတ်လို့ပါခင်ဗျ။ ဘာမှလည်း ဝင်မပြောဘူး။ သူ့လက်ထဲက ဖုန်းထဲကိုသာ အာရုံရောက်နေသယောင်ယောင်ပါလေ။

“လူလေး စိမ်းကိုကို . . . မင်းလည်း ဒီနှစ် ဆယ်တန်းအောင်ပြီပဲ၊ ဂုဏ်ထူးလည်း ပါသေးတယ်ဆို”

“ဟုတ်ကဲ့အဘ လုံးတုံး၊ ‘ဘောဂဗေဒ’ ဂုဏ်ထူးပါပါတယ်”

“ကောင်းတယ်ကွာ . . မင်းတို့ရွာက ဘယ်နှစ်ယောက်တောင်မှ အောင်တာလဲ လူလေးရ”

“အကျသိပ်မရှိဘူးအဘ . . . အင်း .. . အောင်တာ ၆ ယောက်မှာ ယောက်ျားလေးက ၃ ယောက်၊ မိန်းကလေးက ၃ ယောက် အဘလုံးတုံး”

ဒီနှစ်အောင်ချက်ကား ကြောက်ခမန်းလိလိ ရာခိုင်နှုန်းပါတဲ့ ခင်ဗျ။ ၆ ဘာသာဖြေတာ ၇ ဘာသာ ဂုဏ်ထူးထွက်သူထွက်လည်း ကြားရပါတယ်။ ပထမရက်တွေဖြေပြီး နောက်ရက်တွေ လာမဖြေတော့တဲ့သူတွေလည်း အောင်စာရင်းထဲ ပါလာတယ်လည်း ကြားကြရရဲ့။ စာမလိုက်နိုင်သူတွေလည်း ဂုဏ်ထူးတွေ ဝေဝေစီလို့လည်း ကြားကြရပါရဲ့။

အဘလုံးတုံးတို့ စိမ်းကိုကိုတို့ စကားဝိုင်းကား ရှေ့သို့ဆက်ပါလေ၏။

“လူလေး စိမ်းကိုကို အခုဆို တီဗွီကနေ စစ်တက္ကသိုလ် ဗိုလ်လောင်းတွေ၊ စစ်အင်ဂျင်နီယာတက္ကသိုလ် ဗိုလ်လောင်းတွေ၊ စစ်ဆေးတက္ကသိုလ် ဗိုလ်လောင်းတွေ ခေါ်နေပြီနော်”

“ဟုတ်ကဲ့ အဘလုံးတုံး”

“မင်းအသက် ဘယ်လောက်ရှိသွားပြီလဲ”

“အခု ၁၇ နှစ်နဲ့ ၅ လ ပါ”

“အိမ်း . . . ဒီနှစ် ဗိုလ်လောင်းလျှောက်လွှာခေါ်ယူရာမှာ ထူးထူးခြားခြား ‘အသက် ၁၆ နှစ်ထက် မငယ်စေရ၊ ၁၈ နှစ် ၆ လထက် မကြီးရ’ လို့ ကြေညာသကွ”

“ဟုတ်ကဲ့ပါ အဘ၊ အခု တီဗွီမှာ ညတိုင်း ကြော်ငြာနေတာ ကြားပါတယ်”

“အေးကွာ . . . မင်းက အသက်လည်း မီတာပဲ၊ အရပ်ကလည်း ၅ ပေ ၇ လက်မလောက်နဲ့ ကိုယ်အလေးချိန်ကလည်းပေါင် ၁၁၀ လောက်ကွာ၊ မျက်မှန်လည်းမတပ်ရဘူး ဆိုတော့ . . .”

“အဲသည်တော့ ကျနော်က ဘာလုပ်ရမှာတုန်း အဘလုံးတုံး”

“ဘာလုပ်ရမှာတုန်း ဟကောင်ရ. . . မင်းငယ်ငယ်ကတည်းက ရည်မှန်းထားတဲ့ ‘လမ်း’ ကိုသွားဖို့ ‘ဗိုလ်လောင်း’ လျှောက်ဖို့ပေါ့လကွ”

စိမ်းကိုကိုမျက်နှာကား ရုတ်တရက် ရှုံ့မဲ့သွားပါလေ၏။ မြင်ကွင်းကား စိတ်ဝင်စားစရာ အခြေအနေပါ။

“အဘလုံးတုံးရေ ဆောရီးဗျာ . . . ကျနော် ‘ဗိုလ်လောင်း’ လျှောက်ဖြစ်မှာ မဟုတ်တော့ပါဘူး၊ စိတ်မပါတော့ဘူး”

“ဟေ . . .”

“ကျနော့်ကိုခင်ရင် ဗိုလ်လောင်းလျှောက်ဖို့ ဗိုလ်လောင်းဖြေဖို့ ဗိုလ်သင်တန်းတက်ဖို့ မတိုက်တွန်းပါနဲ့တော့ ခင်ဗျာ”

“ဘယ်လိုများ ဖြစ်ရပြန်တာလဲကွာ”

စိမ်းကိုကိုကား နှုတ်မှပြန်မဖြေဘဲ လက်ကာပြကာ ဂွန်ဒေါင်းထွေလာဆီသို့ နိမ့်မြင့် နိမ့်မြင့် ခြေလှမ်းတို့ဖြင့် ထွက်သွားပါလေတော့၏။

ဟိုးဘက်တလက ရွာထိပ်မှ မအလတို့စစ်ကြောင်း ဖြတ်သွားစဉ် မပြောမဆို အကြောင်းမဲ့ အရိုက်အနှက်ခံခဲ့ရသည့် စိမ်းကိုကို၏ ခြေထောက်များမှာ မိမွေးတိုင်း ဖမွေးတိုင်းတော့ ပြန်မဖြစ်သေးပါတကား။            ။

ဖေကြီး(လေရှီး)

//
More News
Up