မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇူလိုင် ၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ ၇ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို-PDF တပ်ရင်း-၂ တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက ဒီဗွီဘီကို ပြောပါတယ်။
ရေစကြိုမြို့နယ် ရှင်မတောင် တောင်ခြေနားက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ ခလရ ၂၅၈ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီးလာတဲ့ ကင်ဒါအမျိုးအစား ကားတစီးကို ဇူလိုင် ၆ ရက် မနက် ၆ နာရီကျော်လောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထန်းတိုရွာနဲ့ ချင်းယားကုန်းရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အဲဒီကားပေါ်မှာ စစ်(...)အင်အားက ၂၀ လောက်ပါလာတာ။ မိုင်းက ၄ လုံးစလုံး ကွဲတယ်ဗျ။ စစ်(...)ဘက်ကတော့ ၄ ယောက်လောက်သေပြီး ၇ ယောက်လောက် အပြင်းအထန် ဒဏ်ရာရသွားတယ်။ အလောင်းတွေနဲ့ လူနာတွေကို ခလရ ၂၅၈ ဘက်ကို ပြန်သယ်သွားတယ်လို့ စုံစမ်းသိရတယ်။ ကားကလည်း သုံးစားမရအောင် ထိခိုက်ပျက်စီးသွားလို့ တခြားကားတစီးနဲ့ လာဆွဲသွားတယ်။ ထိခိုက်မှုမရှိဘဲ ကျန်တဲ့ စစ်(...)တွေက ခြေလျင်လျှောက်သွားပြီး ရှင်မတောင်မှာ တပ်စွဲထားတဲ့ စစ်ကြောင်းနဲ့ပေါင်းကာ ၄၀ မမ၊ ၆၀ မမတွေနဲ့ ရမ်းသန်းပစ်ခတ်ပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိခဲ့ဘူး။ အဲဒီစစ်ကြောင်းဟာ ရှင်မတောင် တောင်ခြေက ကျေးရွာတရွာကို ဝင်မွှေပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးပြီး သူတို့လိုချင်တဲ့ ပစ္စည်းတွေကိုလည်း ခိုးယူသွားကြတယ်။”
အဲဒီတိုက်ခိုက်မှုကို ‘မဟာမိတ် ပူးပေါင်းစစ်ဆင်လေး(၄)’ လို့ အမည်ပေးထားပြီး ရေစကြို-PDF၊ N-YSO ပြောက်ကျားတပ်၊ KNT ပြောက်ကျားတပ်၊ MRGF(မြိုင်) နဲ့ သံမဏိသိန်းငှက် PDF(မြိုင်) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
မဟာမိတ်ပူးပေါင်းစစ်ဆင်ရေး(၃) ကိုတော့ ဇွန် ၁၇ ရက်မှာ ပြုလုပ်ခဲ့ပြီး ရှင်မတောင်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပခန်းကြီးရဲစခန်းက ရဲအင်အား ၁၀ ယောက်လောက် လိုက်ပါလာတဲ့ ပေါင်မုန့်ကား အဖြူရောင်တစီးကို ချင်းယားကုန်းရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရရှိတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။