ရာထူးက နုတ်ထွက်မည်မဟုတ်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

ရာထူးကနေ နုတ်ထွက်ဖို့ ဖိအားပေးခံနေရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သူ နုတ်ထွက်မှာမဟုတ်ဘူးလို့ ဇူလိုင် ၆ ရက်က လွှတ်တော်ကြားနာပွဲမှာ ပြောပါတယ်။

အစိုးရအဖွဲ့ထဲက နုတ်ထွက်သွားကြတဲ့ ဝန်ကြီးတွေ၊ အရာရှိတွေက ဂျွန်ဆင်ဟာ ဝန်ကြီးချုပ်ရာထူးနဲ့ မထိုက်တန်သူ ဖြစ်နေတယ်လို့ ဝေဖန်တာကို သူက လက်မခံပါဘူး။

အခုအချိန်အထိ သူ့ရဲ့ခေါင်းဆောင်မှုကို မနှစ်သက်၊ မယုံကြည်တော့တဲ့အတွက်ဆိုပြီး အစိုးရအဖွဲ့ထဲကနေ နုတ်ထွက်သွားတဲ့ အမတ် ၃၀ ကျော် ရှိပြီး ဒီထဲမှာ ဘဏ္ဍာရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ကြီးတို့လည်း ပါဝင်ပါတယ်။

မနေ့က လွှတ်တော်တွင်း ကြားနာပွဲမှာ သူ့ပါတီထဲက အမတ်တွေကလည်း ဂျွန်ဆင်ကို ရာထူးကနေ မထွက်သေးဘူးလားလို့ မေးခွန်းမေးခဲ့တာပါ။ အစိုးရအဖွဲ့ထဲမှာ ဝါအရင့်ဆုံး ဝန်ကြီးတယောက်ဖြစ်တဲ့ အိုးအိမ်ရေးရာဝန်ကြီး မစ်ချယ်ဂို့ဗ်က ဝန်ကြီးချုပ် ဂျွန်ဆင်ကို နုတ်ထွက်ဖို့ တိုက်တွန်းသူတွေထဲက တယောက်ဖြစ်ပြီး မနေ့က လွှတ်တော်အစည်းအဝေးမှာလည်း ဝန်ကြီး မစ်ချယ်ဂို့ဗ်က ဂျွန်ဆင်ကို နုတ်ထွက်ဖို့ ထပ်ပြောခဲ့ပါတယ်။

အရင်လတုန်းက ဝန်ကြီးချုပ် ဂျွန်ဆင်ကို လွှတ်တော်အတွင်း အယုံအကြည်မရှိ အဆိုနဲ့ ဖြုတ်ချဖို့ ကြိုးစားခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ အခု အစိုးရအဖွဲ့ထဲကနေ  ဝန်ကြီးတွေနဲ့ အရာရှိတွေ နာရီပိုင်းအတွင်း အစုလိုက်အပြုံလိုက် နုတ်ထွက်မှုကတော့ ဝန်ကြီးချုပ် ဂျွန်ဆင်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်၊ ခေါင်းဆောင်မှုအကျပ်အတည်းတခု ဖြစ်လာပါတယ်။

//
More News
Up