စစ်ရာဇဝတ်မှု ကျူးလွန်သူတွေအတွက် ပုန်းအောင်းစရာ နေရာမရှိ – အိုင်ယာလန်ဝန်ကြီးချုပ်

ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုဟာ နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုဖြစ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူတွေအတွက် ‘ပုန်းအောင်းစရာနေရာ’ ရှိမှာမဟုတ်ဘူးလို့ ကိယက်ဗ်ကိုလာရောက်တဲ့ အိုင်ယာလန်ဝန်ကြီးချုပ်က ယူကရိန်းသမ္မတကို ပြောလိုက်ပါတယ်။

“အရပ်သားတွေကို တမင်တကာ ပစ်မှတ်ထား တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုတွေ ဖြစ်ကြောင်းနဲ့ တာဝန်ရှိတဲ့သူတွေ၊ ဒီလုပ်ရပ်တွေကို ဆောင်ရွက်တဲ့သူတွေ၊ သူတို့ကို ညွှန်ကြားတဲ့သူတွေက အပြည့်အဝ တာဝန်ယူရမှာပါ” လို့ အိုင်ယာလန်ဝန်ကြီးချုပ် မိုက်ကယ်မာတင် က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကို ဇူလိုင် ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

သမ္မတဇလန်းစကီးက သူဟာ  ဝန်ကြီးချုပ်မာတင်နဲ့ ရုရှားဖက်ဒရေးရှင်းအပေါ် ၇ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှု ပြင်ဆင်ရေးအပြင် စစ်ပွဲဖန်တီးခဲ့တဲ့ ပြဿနာတွေအတွက် ဘုံတုံ့ပြန်မှုတခုကိုလည်း ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

ဝန်ကြီးချုပ် မာတင်ဟာ ရုရှားကျူးကျော်မှုဒဏ် ခံခဲ့ရတဲ့ ဘူချာနဲ့ ဘိုရိုယန်ကာတို့လို ကိယက်ဗ်ဒေသရှိ မြို့အများအပြားကိုလည်း သွားရောက်ခဲ့ပါတယ်။

ယူကရိန်းပြည်သူတွေရဲ့ ဒုက္ခတွေကြောင့် အိုင်ယာလန်လူမျိုးတွေကို အကြီးအကျယ် နေရာရွှေ့ပြောင်းပေးခဲ့ရကြောင်းနဲ့ အိုင်ယာလန်မြို့ကြီးတိုင်း မြို့ငယ်တိုင်းဟာ အဝါရောင်နဲ့ အပြာရောင်ပင်လယ်ကြီး ဖြစ်နေပြီလို့လည်း သူက ဆိုပါတယ်။

စစ်ပွဲကနေ ထွက်ပြေးလာတဲ့ ယူကရိန်းနိုင်ငံသား ၄၀၀၀၀ နီးပါးကို အိုင်ယာလန်က ကြိုဆိုခဲ့ပြီး လိုအပ်သမျှ ကာလပတ်လုံး နေထိုင်ဖို့ ကြိုဆိုကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

//
More News
Up