Home
မြန်မာသတင်း
ထိန်းသိမ်းခံနေရသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်လွတ်မြောက်ရေး ညှိနှိုင်းကြိုးပမ်းနေဟု SSPP ပြော
DVB
·
July 7, 2022

ဒေသဖွံ့ဖြိုးရေးအတွက် ရှမ်းပြည်တပ်မတော် (SSPP/SSA) ဝမ်ဟိုင်းဌာနချုပ်ကို ရိုက်ကူးရေးသွားလုပ်ခဲ့တဲ့ သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်နဲ့ မိတ်ကပ်ဆရာတို့ကို စစ်ကောင်စီတပ်က ဇူလိုင် ၆ ရက်မှာ ဖမ်းဆီးသွားခဲ့တဲ့အတွက် ပြန်လွတ်မြောက်ရေး ညှိနှိုင်းကြိုးပမ်းနေတယ်လို့  SSPP/SSA ဘက်က ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က “အမှန်ကျတော့ သူက ကျနော်တို့အဖွဲ့အစည်း ဝမ်ဟိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရိုက်ကွင်းရဲဝတ်စုံနဲ့ ကျနော်တို့ ယူနီဖောင်းဝတ်ပြီးတော့ မင်္ဂလာဆောင်ကို သွားတက်တယ်။ သွားတက်ပြီးတော့ အဲဒီဓာတ်ပုံ တအားပျံ့တော့ တချို့လူတွေ၊ တချို့အဖွဲ့အစည်းတွေက အကောင်းမမြင်လို့ လျှောက်ရေးတာလား မသိပါဘူးလေ။ သူက နှစ်ရက်လာရိုက်သွားတယ်။ ပြီးရင် သူက မနက်ပြန်သွားတာပေါ့လေ။ ပြန်သွားတော့ ကျနော်တို့ ဒီ ကျေးသီးရယ်၊ မိုင်းရယ်နယ်စပ်ဂိတ်မှာ ထိန်းသိမ်းခံရတာပေါ့ဗျာ။ အဲဒီနေပြီးမှ မိုင်းရယ်ဗျူဟာမှူးက လားရှိုးအထိ ခေါ်သွားတာပေါ့ဗျာ။ လောလောဆယ်တော့ လားရှိုးမှာ ရှိနေတယ်လို့ ကျနော်တို့ သိရတာပေါ့။”

မင်းသမီးသင်ဇာဝင့်ကျော်ကို ဘာကြောင့် ဖမ်းဆီးတာလဲဆိုတာ မသိရတဲ့အကြောင်း ထိန်းသိမ်းခံရတဲ့အတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်းနဲ့ ပြန်လွတ်လာဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့အပိုင်းကတော့ တတ်နိုင်သလောက် ကျနော်တို့ လုပ်ပေးနေပါတယ်။ ညှိနှိုင်းဖို့ပေါ့လေ။ အမှန်ကျတော့ ကျနော်တို့ ရိုက်ကူးရေးအတွက်က ကျနော်တို့ ထုတ်ပြန်ထားပြီးသားဖြစ်တယ်။ ပြီးတော့လည်း အခု လူက အဖမ်းခံရတဲ့အတွက် ကျနော်တို့လည်း စိတ်မကောင်းဘူးပေါ့လေ။ သူလွတ်မြောက်ရေးအတွက်က ကျနော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ညှိနှိုင်းထားနေပါတယ် ခင်ဗျာ။ သူတို့မိသားစုလည်း စိတ်ပူမှာပေါ့လေ။ သူ့ရဲ့ ပရိသတ်တွေလည်း စိတ်ပူကြမှာပဲ။ ဒါပေမဲ့ တဖက်တလမ်းအနေနဲ့ ကျနော်တို့ အဖွဲ့အစည်းက တာဝန်ယူမှု တာဝန်ခံမှုနဲ့ ကြိုးစားညှိနှိုင်းဆောင်ရွက်နေပါတယ်။ သူ လွတ်မြောက်လာဖို့အတွက်ပေါ့လေ။ ဒါကျနော်တို့ ဆောင်ရွက်နေပါတယ်”လို့ SSPP/SSA  ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။

ရုပ်ရှင်သရုပ်ဆောင်နဲ့ မော်ဒယ် သင်ဇာဝင့်ကျော်ဟာ ဝမ်ဟိုင်းဒေသဖွံ့ဖြိုးရေး ရုပ်သံမှတ်တမ်းမှာ ပါဝင်ကူညီသရုပ်ဆောင်ဖို့ SSPP/SSA ဌာနချုပ်တည်ရှိရာ ရှမ်းပြည်တောင်ပိုင်း  ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ 

SSPP/SSA က ဆောင်ရွက်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအကြောင်းရော၊ ဟိုင်းပါဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်ပါ ရည်ရွယ်ပြီး ရုပ်သံမှတ်တမ်းရိုက်ကူးဖြန့်ဝေမှာ ဖြစ်ကာ မြေပြန့်က ခရီးသွားဧည့်သည်တွေပါ စိတ်ဝင်စားအောင် ဆွဲဆောင်တဲ့အနေနဲ့ ထင်ရှားတဲ့ မင်းသမီးကိုပါ ဖိတ်ခေါ်လိုက်ရတာလို့ SSPP/SSA က ဒီဗွီဘီကို ပြောထားပါတယ်။

မင်းသမီး သင်ဇာဝင့်ကျော်ဟာ ဝမ်ဟိုင်းကို ဒီတကြိမ် ပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်ပြီး  ဗိုလ်မှူးကြီးစိုင်းဆုရဲ့ သမီးကြီး မင်္ဂလာဆောင်ပွဲနဲ့လည်း ကြုံကြိုက်လို့ ရိုက်ကွင်းထဲကနေ SSPP စစ်သမီးဝတ်စုံနဲ့ပဲ တက်ရောက်ခဲ့တာလို့လည်း သိရပါတယ်။ 

SSPP/SSA  ဗိုလ်မှူးစိုင်းဖုန်းဟန်က “ဒါက ဒေသဖွံ့ဖြိုးရေးမှတ်တမ်းရိုက်တာ သရုပ်ဆောင်တယောက်အနေနဲ့က သူက လွတ်လပ်ခွင့်ရှိတာပဲလေ။ သူက သရုပ်ဆောင်တယောက်ပဲလေ။ ရဲနဲ့ဆိုင်တဲ့ဟာ ရိုက်ခိုင်းမယ်ဆိုရင် ဝတ်စုံကို ဝတ်ရတာပဲ။ စစ်တပ်နဲ့ဆိုင်တဲ့ဟာဆိုရင် စစ်တပ်ယူနီဖောင်းဝတ်ပိုင်ခွင့် ရှိတယ်။ တခြားဝတ်စုံလည်း ဝတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ဟာက ကျနော်တို့ နားလည်ထားတာလေ။ အခုဟာက ကျနော်တို့ SSPP/SSA ဝတ်စုံ ဝတ်ပြီးတော့ လိုင်းပေါ်ပျံ့နေတဲ့အတွက် ဖမ်းတယ်ဆိုတာကတော့ လုံးဝယုတ္တိလည်းမရှိဘူး။ တရားဝင်မှုလည်းမရှိဘူး။ ဒါက မလုပ်သင့်မလုပ်ထိုက်တဲ့ လုပ်ရပ်တခုပါလို့ ကျနော်တို့ ပြောလိုပါတယ်ဗျာ။” လို့ပြောပါတယ်။

ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့ဟာ စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ဖို့ စာရင်းပေးထားတဲ့အဖွဲ့ဖြစ်ပြီး နေပြည်တော်မှာ သွားရောက်တွေ့ဆုံဖို့ကိစ္စမှာတော့ သူတို့ဘက်က အဆင်သင့်ဖြစ်နေပေမဲ့ နေပြည်တော်က ဖိတ်စာမရောက်သေးတာကြောင့် မသွားရသေးဘူးလို့ ဆိုပါတယ်။

လတ်တလော မြေပြင်မှာတော့ ဝမ်ဟိုင်းဌာနချုပ်အနီးနဲ့ မိုင်းရှုးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ အင်အားဖြည့်ထားပြီး  စစ်ရေးတင်းမာနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024