နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ အိမ်အမှတ် ၅၄ နေအိမ်ကို ဇူလိုင် ၆ ရက် မနေ့ညပိုင်းက ပြန်လည်ရောက်ရှိလာတယ်လို့ အန်အယ်လ်ဒီနဲ့ နီးစပ်တဲ့ အသိုက်အဝန်းမှာ သတင်းထွက်ပေါ်နေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်မှာ သီးသန့် အကျဉ်းချထားရာကနေ မနေ့ညက ပြန်ပို့လိုက်တာဖြစ်ပြီး ဘာကြောင့် အခုလို ရန်ကုန်ကို ပို့ဆောင်လိုက်တယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အခုလို ပြန်ပို့လိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း အတည်ပြု သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
လာမယ့် ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ့် ၇၅ နှစ်မြောက် အာဇာနည်နေ့ နီးလာချိန်မှာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ရန်ကုန်ပြန်ပို့လိုက်တာဖြစ်ပြီး အာဇာနည်နေ့ကျရင် အာဇာနည်ဗိမာန်ကို သွားရောက် လွမ်းသူ့ပန်းခွေချခွင့် ပေးမယ် မပေးဘူး ဆိုတာတော့ မသေချာသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ကမှ နေပြည်တော်အိမ်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်သူတွေ၊ ခွေးကလေး တိုင်ချီတိုနဲ့ ပစ္စည်းတချို့ကို စစ်ကောင်စီက ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ပို့ဆောင်ခဲ့ပါတယ်။
နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့နေအိမ်ဆီ ပြန်လည်ပြောင်းရွှေ့ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းက ဇွန် ၂၇ ရက်က စစ်ကောင်စီထံ ပန်ကြားချက်ပေးပို့ တောင်းဆိုထားသလို နိုင်ငံတကာ အသိုက်အဝန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းကတည်းက စစ်တပ် ဖမ်းဆီးထားတာဖြစ်ပြီး နောက်ပိုင်းမှာ အဂတိလိုက်စားမှုတွေ အပါအဝင် စွဲချက်ပေါင်း ၂၀ လောက်နဲ့ အမှုဖွင့် တရားစွဲထားတာ ဖြစ်ပါတယ်။