ကမ္ဘာတဝန်း မျောက်ကျောက်ရောဂါ လူနာ ၆,၀၀၀ ကျော်ရှိလာ

ကမ္ဘာတဝန်း မျောက်ကျောက်ရောဂါဖြစ်နေတဲ့ လူနာ ၆,၀၀၀ ကျော် ရှိလာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။

ဒါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာဖို့ လိုမလိုကို ဇူလိုင် ၁၈ ရက် အစောဆုံးထားပြီး အစည်းအဝေးခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ်အက်ဒဟာနွမ်က မနေ့က ဂျီနီဗာကနေ ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေဆိုတာ WHO သတ်မှတ်ချက်အရ အမြင့်ဆုံး ကျန်းမာရေးသတိပေးချက် ဖြစ်ပါတယ်။

ဇွန်လ ၂၇ ရက်နေ့က နောက်ဆုံးပြုလုပ်ခဲ့တဲ့ WHO ကော်မတီ အစည်းအဝေးက အာဖရိက နိုင်ငံတွေနဲ့ တကမ္ဘာလုံးမှာ မျောက်ကျောက်ရောဂါ ကူးစက်နေတာကို ကျန်းမာရေး အရေးပေါ်အခြေအနေလို့ မသတ်မှတ်ခဲ့ပါဘူး။

သတင်းစာရှင်းလင်းပွဲမှာ WHO ညွှန်ကြားရေးမှူးချုပ်က “တကမ္ဘာလုံးမှာ မျောက်ကျောက်ရောဂါ ကူးစက်နေတဲ့ အရေအတွက်၊ ကူးစက်နေတဲ့နှုန်းက စိုးရိမ်စရာရှိတယ်” လို့ ပြောပါတယ်။

မျောက်ကျောက်ရောဂါဟာ ကူးစက်ရောဂါတမျိုးဖြစ်ပြီး ရောဂါဖြစ်လာရင် တုပ်ကွေးလို ရောဂါလက္ခဏာတွေ ခံစားရကာ အရေပြားမှာ အနာတွေ ပေါက်ပါတယ်။

မေလဆန်းပိုင်းကတည်းက ကူးစက်မှုတွေ စတင်တွေ့ရခဲ့ရပြီး သေဆုံးနှုန်းက ၁ ရာခိုင်နှုန်း ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

//
More News
Up