စတာလင်ကို ပေါင် ၅၅ သန်းဖြင့် ခေါ်ယူရန် ချဲလ်ဆီးအသင်း သဘောတူညီမှုရရှိ

ချဲလ်ဆီးအသင်းဟာ မန်စီးတီးတိုက်စစ်မှူး စတာလင်ကိုခေါ်ယူဖို့ ကစားသမားဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိသွားပါတယ်။

အင်တာမီလန်ကို အငှားချခဲ့တဲ့ တိုက်စစ်မှူး လူကာကူ မရှိတော့တဲ့ တိုက်စစ်ပိုင်းမှာ စတာလင်ကို ခေါ်ယူအားဖြည့်ဖို့ ချဲလ်ဆီးအသင်းက ပြင်ဆင်ခဲ့တာပါ။

ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ မန်စီးတီးအသင်းနဲ့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဆိုပေမဲ့ ပေါင် ၅၅ သန်းဝန်ကျင်နဲ့ သဘောတူညီမှု ရယူနိုင်လိမ့်မယ်လို့ ဒေးလီးမေးလ်သတင်းက ဖော်ပြပါတယ်။

စတာလင်ကိုယ်တိုင်ကလည်း ထွက်ခွာခွင့်ပေးဖို့ မန်စီးတီးကို တောင်းဆိုခဲ့တာကြောင့် ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့ ပိုမိုနီးစပ်လာခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့်စနေနေ့မှာ ရာသီကြိုခြေစမ်းပွဲတွေကစားဖို့ အမေရိကန်နိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး စတာလင်ကို တပါတည်းခေါ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။

မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တနှစ်ပဲကျန်တော့တဲ့ စတာလင်ကို ချယ်လ်ဆီးအသင်းက ခေါ်ယူနိုင်ဖို့  အလွန်နီးစပ်တဲ့ အခြေအနေ ရောက်ရှိနေပြီ ဖြစ်ပေမဲ့လည်း ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းရာမှာတော့ နှစ်သင်းအကြား ကွာဟချက် အနည်းငယ်ရှိနေတာကြောင့်  သဘောတူညီမှု ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းက စတာလင်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၆၀ ဝန်းကျင်အထိ အလိုရှိနေပြီး ချယ်လ်ဆီးအသင်းက ပေါင် ၃၅ သန်းနဲ့ပဲ စတင်ကမ်းလှမ်းခဲ့တာကြောင့် အပြောင်းအရွှေ့ အပြီးမသတ်နိုင် ဖြစ်ခဲ့ရပြီး အခု ပေါင် ၅၅ သန်းအထိ တိုးပေးခဲ့ရတာ ဖြစ်ပါတယ်။

စတာလင်ဟာ မန်စီးတီးအသင်းမှာ ခြေစွမ်းပြနိုင်တဲ့ ကစားသမား ဖြစ်ပေမဲ့လည်း နည်းပြ ဂွါဒီယိုလာက ဦးစားပေးကစားသမားအဖြစ် သတ်မှတ်ခြင်းမရှိသလို အခုအခါ တိုက်စစ်ပိုင်းကို အပြောင်းအလဲပြုလုပ်ဖို့ စီစဉ်နေတဲ့အတွက် ဂျေဆူးနည်းတူ အသင်းကနေ ရောင်းထုတ်ခံရမယ့် ကစားသမား ဖြစ်လာခဲ့ပါတယ်။

အသက် ၂၇ နှစ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမားဟာ ၂၀၁၅ ခုနှစ်က လီဗာပူးကနေ ပြောင်းရွှေ့သွားတာဖြစ်ပြီး မန်စီးတီးနဲ့ စုစုပေါင်း ၃၃၉ ပွဲမှာ ၁၃၁ ဂိုး သွင်းယူထားပါတယ်။

//
More News
Up