ပြီးခဲ့တဲ့ ၆ လတာ ကာလအတွင်း တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တပ် BGF တွေဘက်က ၂,၂၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၁,၅၀၀ ကျော် ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက (ကေအန်ယူ)က ထုတ်ပြန်ပါတယ်။
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ၊ နယ်ခြားစောင့်တပ်(BGF) တွေကြား ၂၀၂၂ ခုနှစ် ၆ လတာအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း ၂,၆၈၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ကေအန်ယူတပ်ဖွဲ့တွေဘက်ကတော့ ၈၄ ယောက် ကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၇၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျေးရွာတွေအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် အပြစ်မဲ့ပြည်သူ ၇၂ ယောက် အသက်သေဆုံးခဲ့ရပြီး ၁၅၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။