Home
မြန်မာသတင်း
လောပိတ၊ ဘောလခဲနှင့် ဖယ်ခုံတွင် တိုက်ပွဲပြင်းထန်၊ ရွာသားများစစ်ဘေးရှောင်ထွက်ပြေး
DVB
·
July 6, 2022

ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့အနီးမှာ ဇူလိုင် ၆ ရက် ဒီနေ့မနက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်နီပူးပေါင်းတပ်တို့ အကြားတိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

ဒီမနက် ၇ နာရီလောက်ကတည်းကစပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ လောပိတဒေသခံတ ဦးက ပြောပါတယ်။

“မနက်ခင်းတုန်းကတော့ လက်ကြီးအသံကော၊ လက်နက်ငယ်အသံကော၊ လေယာဉ်ပျံကော၊ ဟတ်စကီးကောစုံနေတာပဲ။ တော်ရိုးကုန်းနားမှာ လက်နက်ကြီး နှစ်လုံးကျတယ်။ လေးအိမ်စု ရပ်ကွက်ထဲမှာ ကျတယ်။ အဲလိုမျိုးတော့ ကြားတယ်။ အပျက်အစီးတော့ မသိရပါဘူး။”

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း လောကထုကျေးရွာက ဒေသခံတယောက် ထွက်ပြေးရင်း လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့တယ်လို့လည်း လောပိတဒေသခံက ပြောပါတယ်။

“မြို့ပေါ်ရပ်ကွက်ကလူတွေကတော့ ထွက်တော့မပြေးကြဘူး။ ဘုန်းကြီးကျောင်းတွေမှာ သွားပြီးသွားစုကြတယ်။ လောကထုမှာဖြစ်တဲ့နေရာမှာတော့ တချို့အိမ်တွေ ကျည်ဆန်ထိတယ်လို့ ကြားတယ်ဗျ။ ဘယ်သူမှလည်း အပြင်ထွက်မကြည့်ရဲဘူးလေ။ လောကထုမှာတော့ အရပ်သားတယောက် သေသွားတယ်လို့တော့ပြောတယ်။ တိုက်ပွဲက သေနတ်သံတွေကြား အိမ်ပေါ်ကဆင်းပြေးတာလား ဘယ်လိုမျိုးလည်းမသိဘူး။ ကြောက်ပြီးပြေးတဲ့အခါ ထိသွားတာ ထင်တယ်။”

တိုက်ပွဲကြောင့် ဒေသခံနေအိမ်တချို့ ကျည်ထိမှန် ပျက်စီးမှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့တိုက်ပွဲမှာ ကရင်နီပူးပေါင်းတပ်ဘက်က  တယောက်ကျဆုံးပြီး စစ်ကောင်စီဘက်က ၈ ယောက်ထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိတယ်လို့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဘောလဲခဲမြို့ပြင်ဘက်မှာလည်း  ဒီနေ့ညပိုင်းမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပြီး ည ၇ နာရီအထိ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ 

ဇူလိုင်လ ၄ ရက်ကလည်း  ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီရဲ့ လွယ်ပသာကုန်းစခန်းကို ကရင်နီပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်က သာလွန်စစ်ကူနဲ့ လက်နက်ကြီး အသုံးပြုမှုကြောင့် ကရင်နီပူးပေါင်းတပ်ဖက် ၁၁  ယောက် ကျဆုံးခဲ့ရကြောင်း KNDF က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဖက်က ၄၀ ကျော်သေဆုံးခဲ့ပေမယ့် စခန်းသိမ်းမှုကို မအောင်မြင်ခဲ့ဘဲ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ KNDF ဘက်က ဆိုပါတယ်။

ဖယ်ခုံမြို့နယ် ကုန်းဆုံနဲ့ လွယ်ပတာကျေးရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ လွယ်ပတာကုန်းစခန်းနဲ့ ရွှေပြည်အေးအနီးရှိ ကုန်းစခန်းတွေကို ဇူလိုင် ၄ ရက်၊ မနက် ၅ နာရီက ကရင်နီတပ်မတော် (KA)၊ KNDF၊ PDF (Phekhon)၊ SSRY အဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး  အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်ရဲ့ လွယ်ပတာကုန်းစခန်းကို သိမ်းပိုက်ရရှိလုနီးပါး ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေထိခိုက်သေဆုံးဒဏ်ရာရတဲ့ အရေအတွက်အတိအကျ အတည်ပြုနိုင်ခြင်းမရှိသလို စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးကလည်း တိုက်ပွဲမှာ ဒဏ်ရာရ သေဆုံးတဲ့ စစ်ကောင်စီတပ်တွေ သတင်းနဲ့ ပတ်သက်ပြီး အများပြည်သူသိအောင် အမှန်အတိုင်း ထုတ်ပြန်လေ့ မရှိပါဘူး။

Photo Credit-

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024