ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ဇူလိုင် ၆ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ CDF-မတူပီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီကနေ သိရပါတယ်။
လိုင်လင်းပီမြို့ဘက်ကနေ မတူပီမြို့ဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီနေ့မနက် ၉ နာရီ ၁၅ လောက်က ရန်ခဲန်းရွာနဲ့ အမ်မိလိုင်းရွာကြားမှာ CDF-မတူပီက တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ CDF-မတူပီ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ဒီဗွီဘီကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်လောက်ကြာအောင် အပြင်းအထန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး CDF-မတူပီဘက်က အထိခိုက် အကျဆုံး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ အထိနာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တပ်ပြန်ခေါက်ပြီး ရန်ခဲန်းကျေးရွာက ပြည်သူတွေရဲ့ နေအိမ် ၃လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆလိုင်းချင်းက ပြောပါတယ်။
“ပြည်သူတွေ ရွာထဲမှာရှိနေတုန်း အဲဒီစစ်(...)တွေ ရွာထဲကို ဝင်လာကြတာ။ ရွာအပြင်မှာ တိုက်ပွဲဖြစ်ပွားတော့ ရန်ခဲန်းကျေးရွာနဲ့ အမ်မိလိုင်းကျေးရွာက ဒေသခံပြည်သူ ၃၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်” လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။