Home
မြန်မာသတင်း
ပေါက်မြို့နယ် သရက်တောဂိတ်တွင် လူငယ် ၁ ဦးကို PDF ဟုစွပ်စွဲပြီး စစ်တပ်က ဖမ်းဆီး
DVB
·
July 6, 2022

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်တောဂိတ်မှာ ဇူလိုင် ၆ ရက် နေ့လယ်ပိုင်းက ခရီးသွားလူငယ်တယောက်ကို PDF လို့စွပ်စွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့ အနောက်ဘက်အထွက် သရက်တောဂိတ်မှာ ဒီနေ့လယ် ၁၂ နာရီလောက်က ဆောမြို့နယ် ပင်တောင်ရွာက ခရီးသွားပြည်သူ ကိုဇော်ဇော်အောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF သင်တန်းဆင်းလို့ စွပ်စွဲကာ စစ်အုပ်စုတွေက ဖမ်းဆီးပြီး ပေါက်မြို့မရဲစခန်းကို ခေါ်သွားကြတယ်လို့ ပေါက်မြို့ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီ သရက်တောဂိတ်မှာ စစ်(...)၊ ရဲ(...) တွေနဲ့ ပျူ(...)တွေ ပေါင်းပြီးတော့ နေ့တိုင်းစစ်တယ်။ အစစ်ဆေးလည်း အရမ်းကြမ်းတယ်။ ယော‌ေဒသနဲ့ ချင်းပြည်နယ်ဘက်ကို ပို့ဆောင်မယ့် ကုန်စည်တွေကိုလည်း တားမြစ်ကန့်သတ်ထားတယ်။ အထူးသဖြင့် ဆေးဝါးတွေဆိုရင် လုံးဝ သယ်ယူခွင့်မပြုဘူး။”

အဲဒီဂိတ်ကို ဖြတ်မယ်ဆိုရင် အွန်လိုင်းနဲ့ အသုံးပြုတဲ့ ဖေ့စ်ဘွတ်၊ မက်ဆင်ဂျာ၊ ဗိုက်ဘာ၊ တယ်လီဂရမ်၊ စစ်ဂ်နယ် ဆော့ဝဲတွေကို ဖျက်ပြီးမှ ခရီးသွားလာသင့်ပြီး လက်ကိုင်ဖုန်းတွေကြောင့် ဖမ်းဆီးခံရတဲ့သူတွေလည်း တော်တော်များနေပြီလို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆီမီးမြို့၊ ဆင်လံရွာက ခရီးသွားပြည်သူတယောက်ဖြစ်တဲ့ ကိုကျော်ဆန်းဝင်းကိုလည်း ဇွန် ၂၁ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ စစ်အုပ်စုတွေက PDF လို့ စွပ်စွဲပြီး သရက်တော ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးသွားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၄ ရက်နေ့အထိ နိုင်ငံတဝန်း မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁,၃၉၃ ယောက်ရှိပြီး အဲဒီထဲက ၁,၂၁၂ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ဇူလိုင် ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024