Home
ရုပ်သံ
မြင်းမူတွင် စစ်ကောင်စီတပ်ဖွဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရ (ရုပ်သံ)
DVB
·
July 6, 2022

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းရှိ ထီးဆောင်းနဲ့ ကန်ဖျားဇရပ်ကျေးရွာအကြားမှာ ဇူလိုင် ၅ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၁၂ ဘီးကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး လိုက်ပါလာတဲ့ တပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးသွားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Moe Nyo Revolution Force (M.N.R.F) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၁၂ ဘီးကားဟာ စစ်ကိုင်းမြို့ဘက်ကနေ ထွက်ခွာလာတာဖြစ်ပြီး ကြားဖြတ်စစ်ဆင်ရေးတခုအနေနဲ့ မိုင်း ၈ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Moe Nyo Revolution Force တာဝန်ရှိသူက “ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေက မိုင်း ၈ လုံးတွဲနဲ့ ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့တယ်။ အဲ့ဒီထဲက သုံးကောင်ကတော့ အဲ့ဒီနေရာမှာတင် ပွဲချင်းပြီးပဲ။ ဒဏ်ရာရတဲ့ကောင်တွေလည်း များပါတယ်။ အဲဒီထဲကမှ ထပ်သေရင်တော့ သုံးယောက်မက ဖြစ်သွားနိုင်တာပေါ့။ ကျနော်တို့တပ်ဖွဲ့တွေ အားလုံးကတော့ အထိအခိုက် တစုံတရာ မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Moe Nyo Revolution Force M.N.R.F၊ PENTAGRAM ငါးထောင့်ကြယ်၊ PEOPLE REVOLUTION FORCE P.R.F နဲ့ People’s Guerillas Commando – Myinmu မဟာမိတ်တပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက် ညပိုင်းကလည်း စစ်‌ကိုင်းမြို့ တပ်မ ၃၃ ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ကားတစင်းကို မြင်းမူမြို့နယ် နပဲကြူးဇရပ်နဲ့ ကန်ဖျားဇရပ်ကျေးရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့က မုံရွာ-မန္တလေး လမ်းကြောတလျှောက်မှာ ကင်းပုန်းဝပ်တာတွေနဲ့ စစ်ဆေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

Video - စစ်ကောင်စီတပ်ဖွဲ့၏ ၁၂ ဘီးကားအား မိုင်းဆွဲတိုက်ခိုက်စဉ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024