Home
ဆောင်းပါး
လုံခြုံရေးအသိ၊ သတိ
DVB
·
July 6, 2022

၂၀၂၁ တွင် မင်းအောင်လှိုင် အာဏာသိမ်းလိုက်သောအခါ ဒီကောင် မိုက်ကန်းလှချည်လားဟု ပြစ်တင်ရှုတ်ချသူများ ရှိခဲ့ကြသည်။ အကြောင်းမူ သတင်းနည်းပညာခေတ်ကြီး ဖြစ်သောကြောင့်ပင်။ မှန်သည်။ ၂၀၂၁ တွင် သတင်းနဲ့နည်းပညာမှာ ၈၈ တုန်းကလို မဟုတ်၊ ယခင်ကထက် အများကြီးသာလွန်ကွာဟသွားပြီ ဖြစ်သည်။ အိမ်ထောင်စုတိုင်းနီးပါး မိုဘိုင်းဖုန်းများ ရှိလာကြသည်။ ထိုမိုဘိုင်းဖုန်းများကို အသုံးပြုကာ ဆိုရှယ်မီဒီယာများမှတဆင့် သတင်းအချက်အလက် ဝေမျှမှု၊ ချိတ်ဆက်ဆောင်ရွက်မှုများ အံ့မခန်း ပြုလုပ်လာနိုင်ကြပါသည်။ စစ်မိစ္ဆာများက ၎င်းတို့၏ ဖိနှိပ်မှုများနှင့်ပတ်သက်ပြီး ၈၈ တုန်းကလို သတင်းအမှောင်ချဖို့ ခဲယဉ်းသွားခဲ့သည်။ ထို့အတွက်ကြောင့် ၂၀၂၁ စစ်အာဏာသိမ်းမှုသည် ငမိုက်သား မင်းအောင်လှိုင်၏ အဆင်အခြင်မဲ့ဆုံး လုပ်ရပ်တခုဟု အာဏာသိမ်းစက ပြည်သူအချို့က ဝေဖန်ရှုတ်ချခဲ့ကြခြင်း ဖြစ်သည်။

ပြည်သူများသည် နည်းပညာခေတ်၏ လူသားများပီပီ နွေဦးတော်လှန်ရေးတွင် နည်းပညာကို အကောင်းဆုံး အသုံးချနိုင်ခဲ့ကြသည်။ အာဏာသိမ်းစကတည်းက မြန်မာနိုင်ငံတွင် လူသုံးအများဆုံး ဖြစ်သော Facebook၊ Viber၊ Messenger တို့ကတဆင့် သတင်းအချက်အလက်မျှဝေခြင်း၊ ချိတ်ဆက်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ဆန္ဒပြပွဲများတွင် ရန်သူလှုပ်ရှားမှု၊ တည်နေရာများကို ဖော်ပြနိုင်ရုံတင်မက ကိုယ့်ဘက်၏ မြေပြင်အခြေနေများကိုလည်း အများသိအောင် အချိန်နဲ့တပြေးညီ တင်ဆက်နိုင်ခဲ့ကြသည်။ ဒါ့အပြင် အချင်းချင်းချိတ်ဆက်ကာ Campaign ခေါ် လှုပ်ရှားမှုအမျိုးမျိုးကိုလည်း ပြုလုပ်နိုင်ခဲ့ကြသည်။ ဤကား  နည်းပညာခေတ် Social Media များ၏ ကောင်းကျိုးများဖြစ်ကြသည်။ 

သို့သော် အခြားတဖက်တွင် နွေဦးတော်လှန်ရေး အရှိန်အဟုန် မြင့်လာသည်နှင့်အမျှ Social Media များကိုလည်း ပိုပြီးသတိထား သုံးလာရတော့သည်။ စစ်မိစ္ဆာများသည် Social Media များမှတဆင့် ခြေရာခံကာ ပြည်သူများကို ဖမ်းဆီးမှုများပြုလုပ်လာကြခြင်းကြောင့် ဖြစ်သည်။ ယခင်ကလို နံရံတိုင်းတွင် နားရှိသည်ဆိုကာ လက်ဖက်ရည်ဆိုင်၊ လမ်းကြိုလမ်းကြား အစရှိသည်တို့၌ အများကြီး အချိန်ကုန်ခံကာ စုံစမ်းထောက်လှမ်းနေစရာ မလိုတော့။ ‌online‌ ပေါ်တွင် မျက်စိများရှိသည်နှင့်မခြား။ လူသုံးများသည့် Facebook များမှတဆင့် ထောက်လှမ်းကာ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ ဖမ်းဆီးမှုများမှာ ပြည်သူ့လှုပ်ရှားမှုများ ပြုလုပ်သည့်အခါမျိုးတွင် ပို၍သိသာသည်။ ဥပမာ- ဒီဇင်ဘာလက ဒုတိယအကြိမ် Silent strike ပြုလုပ်ခဲ့ရာ ထိုနေ့တွင် Social Media ပေါ်မှာ ပုံတင်သောသူတော်တော်များကို ညရောက်တော့ ဖမ်းဆီးမှုများ တရစပ်ပြုလုပ်လာတာမျိုး ဖြစ်သည်။ ဒါ့အပြင် မကြာသေးမီက စစ်ကောင်စီစာမေးပွဲ ရလဒ်များနှင့်ပတ်သက်ပြီး ဖမ်းဆီးမှုတို့ ခပ်စိပ်စိပ် ပြုလုပ်ခဲ့သေးသည်။ သပိတ်လှုပ်ရှားသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုလည်း တယောက်မိပြီဆိုတာနဲ့ ၎င်းတို့ ဖုန်းများမှတဆင့် နောက်ဆက်တွဲများကို ဖော်ထုတ်ခဲ့ကြရာ ဖမ်းဆီးခံရသူများလည်း မနည်းမနောပင်။ အချက်အလက်များအရ စစ်မိစ္ဆာများအပေါ် ဆန့်ကျင်သော post များတင်ခြင်း၊ မှတ်ချက်ပေးခြင်း၊ တုံ့ပြန်မှုပေးခြင်း၊ မျှဝေခြင်း အစရှိသည်တို့ကြောင့် နေ့စဥ် ဖမ်းးခံရသူအရေအတွက်မှာ ၁၀ ဦးကျော်ရှိသည်ဟု သိရှိရပါသည်။ 

သို့ဆိုလျှင် Social Media များပေါ်တွင် နိုင်ငံရေး post တွေ မတင်ရတော့ဘူးလား။ နိုင်ငံရေးpost မတင်ရတော့ရင် အရင်တုန်းကလို ပုဂ္ဂိုလ်ရေး post တွေပဲ တင်ရတော့မှာလား။

ဒါဆိုရင် သွေးအေးသွားပြီ၊ ကိုယ်နဲ့မဆိုင်သလိုဖြစ်သွားပြီလို့ ဆိုနိုင်ပြီလား။ ထိုသို့ ထင်ခံရရင် ဘယ်လိုလုပ်မလဲ စသဖြင့် မေးခွန်းများလည်း တဘက်မှ အစီအရီပေါ်ထွက်လာနိုင်သည်။ ဤနေရာ၌ ပထမဆုံးအနေဖြင့် ကိုယ့်အခြေအနေကိုယ်၊ လတ်တလော အနေအထားများကို မျက်ခြည်မပြတ်ဖို့ လိုသည်။ ကိုယ်ကိုယ်တိုင်က ရန်သူများသည့်နေရပ်တွင် နေထိုင်သူဖြစ်လျှင်၊ ကိုယ့်ရပ်ကိုယ့်ရွာတွင် အဖမ်းအဆီးများနေလျှင် နိုင်ငံရေး post တွေ မတင်တာ အကောင်းဆုံး ဖြစ်သည်။ လတ်တလော နိုင်ငံရေးအခြေအနေဆိုတာ ဆယ်တန်း result ထွက်တုန်းကလိုမျိုးကို ဆိုလိုပါသည်။ အဲဒီကာလတုန်းက ဆယ်တန်း result နဲ့ပတ်သက်ပြီး တင်ကြသူတွေကို စစ်မိစ္ဆာတွေက Social Media များမှ မှတ်တမ်းယူကာ ဖမ်းဆီးမှုတွေ ဆက်တိုက် ပြုလုပ်လိုက်သေးသည် မဟုတ်ပါလား။ နောက်တခုက ကိုယ့် friend list ကို စစ်ဆေးဖို့လိုသည်။ တချို့ ဖမ်းဆီးခံရသူများဆိုလျှင် သူတို့တင်သော post တွေမှာ public မဟုတ်။ only friend သာ ဖြစ်သည်။ ဒါပေမဲ့ friend list ထဲတွင် ဒလန် ပါလာသည်ဖြစ်၍ ခံလိုက်ရခြင်းဖြစ်သည်။ နောက်တခုက အကောင့်အတု ပြုလုပ်ကာ သုံးချင်ရင်လည်း အတိုင်းအတာတခုအထိ အဆင်ပြေနိုင်ဖွယ် ရှိသည်။ မည်သို့ရှိစေ နိုင်ငံရေး post တင်မည်ဆိုလျှင် မိမိပတ်ဝန်းကျင်အခြေအနေ၊ လတ်တလော နိုင်ငံရေးအခြေအနေများကို ကြည့်ရှုသုံးသပ်ကြဖို့ လိုကြောင်း ပြောရခြင်းဖြစ်ပါသည်။ ကိုယ်တိုင်က လွတ်မြောက်နယ်မြေရောက်နေလျှင်၊ နိုင်ငံခြား ရောက်သွားလျှင် ကိစ္စမရှိတော့။ ကိုယ့်စိတ်ကြိုက် Social Media မှတဆင့် စစ်မိစ္ဆာများကို စစ်ခင်းလို့ ရပေသည်။

လက်ရှိအချိန်သည် တိုက်ပွဲအရှိန်မြင့်နေသည်။ တော်လှန်ရေး ဒီရေမြင့်တက်နေသည်။ ဒါကို သတင်းများအရ၊ ကိုယ်တွေ့အဖြစ်အပျက်များအရ သိရှိနိုင်ပါသည်။ ထိုအခါ တော်လှန်ရေး၏ လိုအပ်ချက် ဝါ တောင်းဆိုချက်သည်လည်း ပြောင်းလဲလာပါသည်။ မနှစ်တုန်းကလို ဆန္ဒပြရုံတင် မဟုတ်တော့။ စစ်ရေးတိုက်ပွဲတို့ ဖြစ်ပေါ်လာပြီ ဖြစ်သည်။ ထိုသို့ စစ်ရေးအရ တော်လှန်မှုတွေ ဖြစ်လာပြီမို့ ကိုယ့်ကိုယ်ပိုင်အကောင့်မှာ keyboard fighter လုပ်တာထက်စာရင် clicker တွေဖြစ်ဖို့၊ နိုင်သလောက် ငွေကြေးထောက်ပံ့ဖို့ လိုအပ်လာပါသည်။ တိုက်ပွဲအရှိန်မြင့်လာသော ယခင်နှစ်ကုန်ပိုင်းလောက်မှစ၍ တော်လှန်ရေး၏ တောင်းဆိုမှုသည် သတင်းအချက်အလက်ထက် ဘဏ္ဍာငွေကြေး ဖြစ်လာပါသည်။ ဘယ်နေရာမှာ ဘာဖြစ်နေတယ်ဆိုပြီး private account မှာ တင်တာထက် ဘယ်လောက်လှူသလဲ၊ တရက် ဘယ်နှမိနစ် ဘယ်နှကြိမ် ကလစ်လဲဆိုတာက ပိုလို့အရေးကြီးလာပါသည်။ ရန်သူ့သတင်းများကို အများသိအောင် Social Media ပေါ် တင်ခြင်းသည် ပြည်သူမီဒီယာများ၏ အခန်းကဏ္ဍ ဖြစ်လာကာ (ဤနေရာတွင် ပြည်သူများမှ သတင်းမီဒီယာများကို မြေပြင်သတင်းပေးခြင်းကို မဆိုလိုပါ။) မြေပြင်တိုက်ပွဲများအတွက် ငွေကြေး ထောက်ပံ့ရေးကိစ္စမှာ ပြည်သူများ၏ အခန်းကဏ္ဍ ဖြစ်လာခဲ့ပါသည်။ စခ ဘယ်နှယောက် သေလို့ ပျော်၍တင်တာဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးတပ်သား ဘယ်နှယောက် ကျဆုံးလို့ ဝမ်းနည်း၍ share တာဖြစ်စေ ဤသည်တို့မှာ‌ ‌မြေပြင်ကလှုပ်ရှားမှုများကို မည်သည့်ထိရောက်သည့် လုပ်ဆောင်မှုမှ ဖြစ်ပေါ်စေမည်တော့ မဟုတ်။ ထိုအစား ကလစ်ခြင်း၊ ဘဏ္ဍာငွေကြေးအတွက် တနိုင်တပိုင် ထောက်ပံ့ပေးခြင်းကသာ ထိရောက်သော အထောက်အပံ့ ဖြစ်လာစေပေတော့မည်။ 

တော်လှန်ရေးသည် ပေါ်ပင်ကို မကြိုက်။ လူသိများထင်ရှားမှုကို မလိုလား။ သိုသိပ်မှု၊ လျှို့ဝှက်မှုများနှင့်သာ တော်လှန်ရေးကို ဆင်နွှဲကြရသည်။ သာမန်ပြည်သူများကို မဆိုထားနှင့်။ ပြည်သူ့ကာကွယ်ရေးတပ်သားများအတွက်ပင် လုံခြုံရေး အထူးဂရုပြုဖို့၊ Social Media ပေါ်မှာ လွယ်လင့်တကူ မတင်ကြဖို့ အတွေ့အကြုံရှိသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကြီးများ ကိုယ်တိုင် မကြာခဏ မှာကြားနေရပါသည်။ ဤနေရာတွင် မြသန်းတင့် ဘာသာ​ပြန်ဖူးသော အက်ဆေးတစ်ပုဒ်ကို သွား၍သတိရမိသည်။

အက်ဆေးအမည်က မြေပဲ။ မိသားစုတစု မြေပဲစိုက်ကြပုံ၊ ဖအေက သားသမီးများကို မြေပဲရဲ့ အသုံးဝင်ပုံ၊ ထိုမှတဆင့် မြေပဲလို လူ့ဘဝတွင် ကျင့်ကြံသင့်ပုံများကို အက်ဆေးတွင် ဖော်ပြထားသည်။ မြေပဲသည် ပန်းသီး၊ လိမ္မော်သီးတွေလို လူမြင်အောင်သီးသည့် အပင်မျိုးမဟုတ်။ ငွါးငွါးစွင့်စွင့် ပေါ်ပေါ်ထင်ထင် မနေ။ သူက သိုသိပ်သည်။ သေချာကြည့်မှ မြင်ရသည်။ မြေကြီးထဲမှာ နစ်မြုပ်နေပြီး ဖော်ကြည့်တော့မှ တွေ့ရသည်။ မြေပဲပင်လှီလှီကလေးကို မြင်ရုံနှင့် မြေပဲဥ မဥပြော၍မရ၊ ဖော်ကြည့်မှ မြေပဲဥတွေကို တွေ့ရသည် စသဖြင့် မြေပဲ၏ သဘာဝကို တွေ့ရှိရပေသည်။ 

လက်ရှိအခြေအနေတွင် ပြည်တွင်းရှိ မလုံမခြုံနေထိုင်နေရသော ပြည်သူများအနေဖြင့်လည်း မိမိကိုယ်တိုင်၏ လုံခြုံရေးကို ထိခိုက်စေနိုင်သည့် နိုင်ငံရေး post များကို Social Media များပေါ်တွင် share တာ၊ တင်တာ ထက်စာလျှင် မိမိလုံခြုံရေးကို ကာကွယ်သည့်အနေဖြင့် Social Media များတွင် သိုသိုသိပ်သိပ်နေကာ အရေးလည်းပါ၊ ထိလည်းထိရောက်သည့် click ခြင်းလို ငွေကြေးထောက်ပံ့ခြင်းလို ကိစ္စများကိုသာ လေးလေးနက်နက် လုပ်ဆောင်သင့်ကြောင်း ယူဆမိပေသည်။ မြေပဲလို သိုသိုသိပ်သိပ်နေကာ အချိန်တန်မှ သူဟာ ဘယ်လောက် ဥ ဥ ထားကြောင်း၊ ဘယ်လောက်အသုံးဝင်ကြောင်း ပြသသည့် ဗျူဟာကို ယနေ့အချိန်တွင် ကျင့်သုံးသင့်ကြောင်း ထင်မြင်မိပေသည်။

တင်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024