ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှုအတွက် အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တရားရုံးမှာ ကိုယ်တိုင်ထွက်ဆိုလိုက်ပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနဲ့ ပတ်သက်တဲ့အဂတိအမှု ရာကြီးအမှတ် ၄ အမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ နေပြည်တော်ဒုမြို့တော်ဝန်ဦးရဲမင်းဦးတို့ကို ဇူလိုင် ၅ ရက် ဒီကနေ့ နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးမှာဆက်လက်စစ်ဆေးခဲ့ရာမှာ အဂတိလိုက်စားထား မရှိတဲ့အတွက် သူ့မှာအပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။
“၄/၂၀၂၂ အမှုကိုစစ်ပါတယ်။ အတိုင်ပင်ခံ စစ်ပြီးသွားပါပြီ။ ဒေါက်တာမျိုးအောင်စစ်ပြီးသွားပါပြီ။ ဦးရဲမင်းဦးကိုစစ်ပါတယ်။ ဦးရဲမင်းဦးကို စစ်ဖို့ကျန်ပါသေးတယ်။ အတိုင်ပင်ခံက အပြစ်မရှိကြောင်း ထွက်ဆိုပါတယ်” လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။
ဇွန် ၂၉ ရက်ကလည်း စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေကို နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးမှာ စစ်ဆေးခဲ့ပြီး ညနေပိုင်းမှာ ဒေါ်ဆောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကိုယ်တိုင် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြပါတယ်။
၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှု ၂၀ အထိရှိခဲ့ပြီး အဲ့ဒီအထဲက ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပါတယ်။