စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းက မင်းရွာ ကျေးရွာအား မီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မင်းရွာကျေးရွာနဲ့ အင်ကြင်းပင်ကျေးရွာအကြားမှာ တိုက်ခိုက်ခဲ့တယ်လို့ ဝက်လက်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ တောကြီးမြေပွေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ၁၁ ဦး ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီတပ်က မင်းရွာ ပြည်သူ့အိမ်ခြေတွေကို တအိမ်တက် တအိမ်ဆင်း မီးလိုက်ရှို့နေကြတာ။ ဒါ့ကြောင့် ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့ကြတာပါ။ စစ်ကောင်စီအင်အား ၁၅၀ ခန့်ရှိတယ်။ ကျနော်တို့အနေနဲ့ လက်နက်အင်အားမမျှတာပေါ့ဗျာ။ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ တရစပ်ပစ်တယ်။ ကျနော်တို့အဖွဲ့တွေ ဒီတိုက်ပွဲမှာ ကျဆုံးမှုနဲ့ ထိခိုက်မှုများပြားခဲ့ရတယ်။ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် ကျနော်တို့တတွေ ဆက်ပြီးပိုမိုကြိုးစားတိုက်ပွဲဝင်သွားကြမှာပါ။ ဒါပေမယ့် ပြည်သူရဲ့ ဝိုင်းဝန်းထောက်ပံ့ကူညီမှုဟာ အဓိကကျတဲ့အတွက် ကူညီကြပါအုံးလို့ပဲ ပြောချင်ပါတယ်” လို့ တောကြီးမြွေပွေး တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၂ ရက်နေ့က ဝက်လည်ရွဲနဲ့ မင်းညိုကုန်းကျေးရွာရှိ နေအိမ်တချို့ကို မီးရှို့ခဲ့ပြီးနောက် မင်းရွာကျေးရွာကို တပ်စွဲထားပြီး ပြန်အထွက်မှာ ကျေးရွာအား မီးရှို့သွားတာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ မင်းရွာကျေးရွာအနီးက အင်ကြင်းပင်ကျေးရွာကိုလည်း ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။