ပြည်သူအတွက် ရဟတ်ယာဉ်၀ယ်ယူမှုနဲ့ပတ်သက်လို့ စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့ကို စွဲဆိုထားတဲ့ အဂတိမှုတွေကို ဇူလိုင် ၄ ရက် ဒီနေ့ နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ရုံးထုတ်မှာ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိမှုတွေထဲက ပုဒ်မ ၄၆ အမှုအတွက် လူကယ်ပြန် ဒုတိယ၀န်ကြီး ဦးစိုးအောင်ကိုပဲ ဆက်လက်ပြီး စစ်ဆေးတာမှာ မပြီးသေးဘူးလို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကြုံတဲ့အခါ အသုံးပြုဖို့ ရဟတ်ယာဉ် တစီး ဝယ်ယူ၊ ငှားရမ်း၊ သက်တမ်းတိုး၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီက နိုင်ငံ့ခေါင်းဆောင်တွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီအမှုတွေအတွက် ရဟတ်ယာဉ်၀ယ်ယူမှုနဲ့ပတ်သက်တဲ့ အစိုးရနဲ့ ကုမ္ပဏီကြား စာချုပ်စာတမ်းကို တရားလိုဘက်က တင်ပြထားပါတယ်။