ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာတဲ့ စက်လှေသမား သုံးယောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပေမဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှာ ဘင်္ဂလားဒေ့ရှ်မှ ပြန်လာတဲ့ လှေသမားတွေကို ကိုဗစ် စစ်ဆေးတာ မရှိသေးဘူးလို့ ခရိုင်ကျန်းမာရေးဌာနက သိရပါတယ်။
"လောဆယ်တော ကိုဗစ်ပိုးစစ်ဆေးတာ မရှိသေးဘူး။ လှေသမားတွေကိုတော့ Quarantine ထားတာတော့ရှိတယ်။ မကြာခင်တော့ စစ်ဆေးဖို့ ရှိမယ်”လို့ ခရိုင်ကျန်းမာရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဇူလိုင် ၄ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တွေမြို့ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လာတဲ့ စက်လှေသမား ၅၅ ယောက်ကို စစ်ဆေးရာမှာ သုံးယောက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်တွေရွှေမင်းကံ ကုန်သွယ်ရေးစခန်းတာဝန်ရှိသူက "positive တွေ့တဲ့ ၃ ဦးကို စက်လှေပေါ်မှာ Quarantine ထားရှိထားသလို သူတို့နဲ့ ထိတွေ့ခဲ့သူ တွေကိုလည်း ထပ်မံ စစ်ဆေးဖို့ စက်လှေပေါ်မှာပဲ Quarantine ထားတယ်"လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် မေနဲ့ ဇွန်လကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လာတဲ့ လှေသမား ခြောက်ယောက် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပါသေးတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၄၂၆၄ ယောက် အထိရှိခဲ့ပြီး သေဆုံးသူ ၃၇ ယောက် ရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဌာန သတင်းအချက်အလက်အရ သိရပါတယ်။