ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က မျာလီကန်ကျေးရွာသားတဦး ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းက နွားကျောင်းနေစဉ် မြေမြှုပ်မိုင်းထိပြီး အပေါက်ဝ တိုက်နယ်ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေမြှုပ်မိုင်းထိပြီး သေးဆုံးသွားသူမှာ ဦးဦးမောင်သန်း (၃၅ နှစ်) ဖြစ်ပြီး မျာလီကန်ကျေးရွာရဲ့ အနောက်ဘက် ၂ ဖာလုံခွဲလောက်အကွာ ခမရ (၃၇၇) အမြောက်တပ်အနီးမှာ နွားကျောင်းနေစဉ် မြေမြှုပ်မိုင်းနင်းပြီး ခြေတဖက်ပြတ်သွားကာ အပေါက်ဝကျေးရွာ တိုက်နယ်ဆေးရုံမှာ သေးဆုံးသွားတာဖြစ်ပါတယ်။
အပေါက်ဝကျေးရွာ မေတ္တာရှင်အရေးပေါ်အဖွဲ့ တာဝန်ခံ ဦးသိန်းထွန်းက “မိုင်းထိလူနာက ဆုံးသွားပြီ။ ဆရာဝန် စစ်ဆေးပြီး စစ်တွေဆေးရုံကို ပို့ဖို့ လုပ်နေကြတာ။ စစ်ဆေးနေတုန်းမှာ ဆုံးသွားတာပါ။ မိုင်းနင်းမိတာကတော့ နေ့လယ် ၁ နာရီကျော်လောက်မှာ သူက နွားကျောင်းနေတာပါ။ အဲဒီမှာ နွားက တပ်ဧရိယာအနီး ရောက်သွားတော့ သွားလိုက်ရာမှာ မိုင်းနင်းမိတာ။ ညာဘက်ခြေက ပေါင်ရင်းကနေ ပြတ်သွားတယ်။ ဘယ်ဘက်ခြေလည်း ဒဏ်ရာတွေ ရသွားသလို ညာဘက်လက်မှာလည်း ဒဏ်ရာတွေရသွားတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဇူလိုင် ၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် ဝက်မှိုင်းကျေးရွာသားတဦး ခမရ(၃၇၅)အနီးမှာ မိုင်းထိပြီး ဇူလိုင် ၂ ရက်နေ့က စစ်တွေဆေးရုံကြီးမှာ သေဆုံးသွားခဲ့ပါတယ်။
ဒ့ါအပြင် ဇူလိုင် ၃ ရက်နေ့ကလည်း မင်းပြားမြို့နယ် ခချီးမောင်းကျေးရွာက ကျေးရွာသားတဦး တောင်ယာသွားစဉ်မှာ မြေမြှုပ်မိုင်းထိပြီး ဘယ်ဘက်ခြေထောက်ပြတ်သွားကာ မင်းပြားပြည်သူဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းထိပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ ၂၀ ကျော်အထိရှိလာပြီဖြစ်ပြီး ဒေသခံပြည်သူတွေအကြား တောတောင်တွေနဲ့ စစ်ကောင်စီတပ် ဧရိယာအနီး သွားလာလုပ်ကိုင်ရမှာကို စိုးရိမ်နေကြပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ မြေမြှုပ်မိုင်း အပါအဝင် စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် သေဆုံးသူ ၅၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၀၀ ကျော်အထိ ရှိတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။